ကုလသမဂ္ဂညီလာခံက အာဖရိကဦးချိုဒေသတွင် အငတ်ဘေးကို တားဆီးရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ အကူအညီပေးမည်ဟု ကတိပြု

ကုလသမဂ္ဂညီလာခံက အာဖရိကဦးချိုဒေသတွင် အငတ်ဘေးကို တားဆီးရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ အကူအညီပေးမည်ဟု ကတိပြု
မေ ၁ ရက်က ဆိုမာလီယာ ဒိုလိုးမြို့တွင် မိုးခေါင်မှုကြောင့် နိုင်ငံတွင်းရွှေ့ပြောင်းသူများအတွက် ယာယီစခန်းတစ်ခုကိုတွေ့ရစဉ် (Photo – AFP)
မေ ၁ ရက်က ဆိုမာလီယာ ဒိုလိုးမြို့တွင် မိုးခေါင်မှုကြောင့် နိုင်ငံတွင်းရွှေ့ပြောင်းသူများအတွက် ယာယီစခန်းတစ်ခုကိုတွေ့ရစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

ကမ္ဘာလုံးဆိုင်ရာအပူချိန်မြင့်တက်လာ ချိန်တွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ၎င်း၏ အဆိုးရွားဆုံးမိုးခေါင်မှုနှင့်ရင်ဆိုင်နေရသော အာဖရိကဦးချိုဒေသတွင် အငတ်ဘေးကို ကာကွယ်တားဆီးနိုင်ငံရန်အတွက် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ညီလာခံတစ်ခုက မေ ၂၄ ရက်တွင် ရန်ပုံငွေဒေါ်လာ ၂ ဒသမ ၄ ဘီလျံ မြှင့်တင်ခဲ့သည်။

ယင်းငွေကြေးဖြင့် အီသီယိုပီးယား၊ ကင်ညာနှင့် ဆိုမာလီယာတစ်ဝန်းရှိ လူ ၃၂ သန်းနီးပါးအတွက် အသက်ကယ်တင်နိုင်မည့် အကူအညီများထောက်ပံ့ပေးသွားမည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (OCHA) က ထုတ်ပြန်ခဲ့သည်။

“ဒေသဆိုင်ရာအသိုင်းအဝိုင်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ အစည်းတွေ၊အာဏာပိုင်တွေအပြင် အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေရဲ့ ကျေးဇူးနဲ့ အငတ်ဘေးကို တားဆီးနိုင်မှာဖြစ်ပါတယ်” ဟု OCHA ကဆိုသည်။

သို့သော် ယင်းရန်ပုံငွေသည် ဒေသတွင်း မိုးခေါင်မှုနှင့် ပဋိပက္ခများကြောင့် ထိခိုက်ခံစားခဲ့ရသူများကို အကူအညီပေးရန်လိုအပ်သည့်ပမာဏဟု ကုလသမဂ္ဂက ပြောကြားခဲ့သည့် ဒေါ်လာခုနစ်ဘီလျံအောက် လျော့နည်းလျက်ရှိသည်။

“အရေးပေါ်အခြေအနေကိုတော့ ကျော်လွှားနိုင်ပါပြီ။ အဆိုးဆုံးအခြေအနေကို ပြန်လည်ရောက်ရှိမယ့်အရေးကို ကာကွယ်တားဆီးဖို့အတွက် နောက်ထပ်အရင်းအမြစ်တွေကို အရေးပေါ်လိုအပ်ပါတယ်”ဟု OCHA က ထပ်မံပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်းကတည်းက အာဖရိကဦးချိုဒေသနိုင်ငံများဖြစ်သော ဂျဘူတီ၊ အီသီယိုပီးယား၊ အီရစ်ထရီးယား၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်နှင့်ဆူဒန်နိုင်ငံများသည် နှစ်ပေါင်း ၄၀ အတွင်းဒေသ၏ အဆိုးရွားဆုံး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရသည်။

အောင်မြင်ဖြစ်ထွန်းခြင်းမရှိသော မိုးရာသီငါးခုသည် လူပေါင်းသန်းချီအား အကူအညီလိုအပ်မှုများကို ဖြစ်စေခဲ့ပြီး ကောက်ပဲသီးနှံများ ပြုန်းတီးကာ မွေးမြူရေးတိရစ္ဆာန်ပေါင်း သန်းချီသေဆုံးစေခဲ့သည်။

အီသီယိုပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံတို့တွင် လူပေါင်း ၂၃ ဒသမ ၅ သန်း ကျော်သည်အလွန်ဆိုးရွားသောအစားအစာ မလုံခြုံမှုနှင့် ရင်ဆိုင်နေရသည်ဟု OCHA က ဆိုသည်။

အစ္စလာမ်မစ်သူပုန်ထကြွသောင်းကျန်းနေသော ဆိုမာလီယာတစ်နိုင်ငံတည်း၌ပင် လက်နက်ကိုင် ပဋိပက္ခ၊ မိုးခေါင်မှု သို့မဟုတ် ရေကြီးမှုများကြောင့်နေအိမ်များမှ ရွှေ့ပြောင်းနေထိုင်ခဲ့ရသူအရေအတွက် ၃ ဒသမ ၈ သန်းရှိပြီး လူဦးရေ ၆ ဒသမ ၇ သန်းသည် အစားအစားရရှိရန် ရုန်းကန်နေရသည်ဟု ကုလသမဂ္ဂနှင့် နော်ဝေးဒုက္ခသည်ကောင်စီက ထုတ်ပြန်သည့် အချက်အလက်တွင်ဖော်ပြထားသည်။

ကလေးငါးသိန်းကျော်သည် ဆိုးရွားစွာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု ယင်းအဖွဲ့အစည်းနှစ်ခုက ထပ်မံပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့်ပဋိပက္ခကြောင့် မိုးခေါင်မှုများ ပိုမိုဆိုးရွားသည့်အတွက် အာဖရိကတွင် အငတ်ဘေးကြောင့် သေဆုံးသူအရေအတွက်သည်မြင့်တက်နေသည်ဟု ကုလသမဂ္ဂတာဝန်ရှိသူများနှင့်သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

Most Read

Most Recent