ယူကရိန်းကို လက်နက်ကြီးကျည်ဆန်များ ပေးပို့နေသည့်သတင်းကို တောင်ကိုရီးယား ငြင်းဆို

ယူကရိန်းကို လက်နက်ကြီးကျည်ဆန်များ ပေးပို့နေသည့်သတင်းကို တောင်ကိုရီးယား ငြင်းဆို
၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်က ဒွန်းဘက်စ်ဒေသတွင် ရုရှားတပ်များ၏ တည်နေရာများကို ယူကရိန်းစစ်သားများက အမြောက်ဖြင့်ပတ်ခတ်နေစဉ် (Photo – AFP)
၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်က ဒွန်းဘက်စ်ဒေသတွင် ရုရှားတပ်များ၏ တည်နေရာများကို ယူကရိန်းစစ်သားများက အမြောက်ဖြင့်ပတ်ခတ်နေစဉ် (Photo – AFP)
Published 25 May 2023
Ref: AP

တောင်ကိုရီးယား၏ လက်နက်ကြီး ကျည်ဆန်များသည် ယူကရိန်းထံသို့ ရောက်ရှိလိမ့်မည်ဟု ဖော်ပြထားသည့် အမေရိကန် မီဒီယာတစ်ခု၏သတင်းကို တောင်ကိုရီးယားက မေ ၂၅ ရက်တွင် ငြင်းဆိုခဲ့ပြီး ယူကရိန်းကို သေစေလောက်သည့် အထောက်အပံ့များ ထောက်ပံ့မည်မဟုတ်သည့် ၎င်း၏ သဘောထားသည် ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

မေ ၂၄ ရက်တွင် The Wall Street Journal က ထောင်နှင့်ချီသည့် တောင်ကိုရီးယားလုပ် လက်နက်ကြီး ကျည်ဆန်များသည် တောင်ကိုရီးယားနှင့် အမေရိကန်အကြား လျှို့ဝှက်စီမံချက်တစ်ခုအောက်တွင် အမေရိကန်မှတစ်ဆင့် ယူကရိန်းသို့ ပေးပို့လိမ့်မည်ဟု ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် ပဋိပက္ခများဖြစ်ပွားနေသည့် နေရာဒေသများသို့ လက်နက်များထောက်ပံ့ခြင်းမပြုသည့် မူဝါဒကို ကာလ ကြာရှည်ကျင့်သုံးခဲ့ပြီး ယူကရိန်းအား ထောက်ပံ့မှုများ ပိုပေးရန် အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများက တောင်းဆိုခဲ့သည့်တိုင် ယင်းမူဝါဒကို ဆက်လက်ကျင့်သုံးခဲ့သည်။

“ယူကရိန်းကို ကူညီရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ သဘောထားက ပြောင်းလဲခြင်းမရှိပါဘူး။ The Wall Street Journal ရဲ့ သတင်းဟာ တိကျမှန်ကန်မှုမရှိပါဘူး”ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဟာကျူက သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်နက်ခဲယမ်းအချို့ တင်ပို့ရောင်းချရေးနှင့်ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမည်မဖော်သည့် တောင်ကိုရီးယားကုမ္ပဏီတစ်ခုတို့အကြား ဆွေးနွေးမှုများရှိခဲ့သည်ဟု ဂျွန်ကဝန်ခံခဲ့သော်လည်း အသေးစိတ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

“ဆွေးနွေးမှုတွေနဲ့ တောင်းဆိုမှုတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒါကြောင့် ကိုရီးယားအစိုးရဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေကို ခြုံငုံသုံးသပ်နေချိန်မှာ သင့်လျှော်တဲ့ စီမံချက်တွေကို လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံး၏ အကြီးအကဲ ချိုတေးယွန်ကလည်း ယူကရိန်းသို့ လက်နက်ကြီးကျည်ဆန်များ ထောက်ပံ့ခြင်းမရှိကြောင်း လွှတ်တော်အမတ်များကို မေ ၂၄ ရက်က ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် လက်နက်တင်ပို့မှု နဝမ အများဆုံးဖြစ်သည့် တောင်ကိုရီးယားသည် ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ခဲ့ပြီး ရုရှားတပ်ဖွဲ့များ ကျူးကျော်မှုကို ရင်ဆိုင်နေရသည့် ယူကရိန်း၏ အဓိက မဟာမိတ်ဖြစ်သည့် ပိုလန်နိုင်ငံအား တင့်ကားများနှင့် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချခဲ့သည်။

အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများသည် မိမိတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ရမည့် အခြေအနေတစ်ရပ်ဖြစ်သည်ဟု ပြီးခဲ့သည့်လက တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့မှုနှင့်အတူ တောင်ကိုရီးယားသည် သေစေနိုင်သည့် ထောက်ပံ့မှုများမပြုသည့် ၎င်း၏ မူဝါဒကို ပြန်လည်သုုံးသပ်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

သို့သော် ရုရှားသည် တောင်ကိုရီးယားနှင့် စီးပွားရေးဆက်ဆံရေးများရှိပြီး ၂၀၂၂ ခုနှစ်အတွင်း ရုရှားသည် တောင်ကိုရီးယား၏ ၁၅ ခုမြောက်အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့သဖြင့် တောင်ကိုရီးယားသည် ကျဉ်းထဲကြပ်ထဲသို့ ရောက်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Most Read

Most Recent