ဂျပန်က ယူကရိန်းကို စစ်ဘက်သုံးယာဉ် အစီး ၁၀၀ ခန့် ထောက်ပံ့မည်

ဂျပန်က ယူကရိန်းကို စစ်ဘက်သုံးယာဉ် အစီး ၁၀၀ ခန့် ထောက်ပံ့မည်
မေ ၂၁ ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင်ပြုလုပ်သည့် ဂျီ ၇ အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ(ယာ)နှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
မေ ၂၁ ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင်ပြုလုပ်သည့် ဂျီ ၇ အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ(ယာ)နှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
Published 25 May 2023
Ref: AP

ဂျပန်သည် ယူကရိန်းကို  စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ရေးကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းနေချိန်တွင် ယူကရိန်းကို စစ်ဘက်သုံးယာဉ် အစီး ၁၀၀ ခန့် ထောက်ပံ့မည့် ၎င်း၏အစီအစဉ်ကို အထိန်းအမှတ်ပြုသည့်အနေဖြင့် မေ ၂၄ ရက်က အခမ်းအနားတစ်ခု ပြု လုပ်ခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ယင်းအခမ်းအနားတွင် အလေးချိန် တန်ဝက်ရှိသည့် ထရပ်ကားနှစ်စီးကို ပြသခဲ့ပြီး ဂျပန် လက်ထောက်ကာကွယ်ရေးဝန်ကြီး တိုရှီရိုအင်နိုက ယူကရိန်းကို ထောက်ပံ့မည့် ယာဉ်အမျိုးအစား သုံးမျိုးပါဝင်သည့် စာရွက်စာတမ်းတစ်ခုကို ယူကရိန်းသံအမတ် ဆာဂျီကော်ဆန်စကီးကို လွှဲပြောင်းပေးအပ်ခဲ့သည်။

“ကျူးကျော်မှု အမြန်ဆုံးပြီးသွားဖို့နဲ့ ငြိမ်းချမ်းတဲ့ နေ့စဉ်နေထိုင်မှုဘဝပုံစံကို ပြန်လည်ရောက်ရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမှာပါ”ဟု အင်နိုက ပြောကြားခဲ့သည်။

အစားအစာ ရာရှင် ၃၀၀၀၀ ပါဝင်သည့် ယင်းထောက်ပံ့မှုသည် ဂျပန်အစိုးရက ဒုတိယကမ္ဘာစစ်အပြီး မိမိကိုယ်ကိုယ် ကာကွယ်ရေးမူဝါဒမှ သိသာသည့် အပြောင်းအလဲတစ်ခုအဖြစ် ၎င်း၏စစ်ဘက်ဆိုင်ရာကို ထိုးစစ် အသွင်ဆောင်ခွင့်ပြုထားသည့် အမျိုးသားလုံခြုံရေးမူဝါဒအသစ်အောက်တွင် ၎င်း၏စစ်ဘက်သုံးပစ္စည်းများ လွှဲပြောင်းမှု မူဝါဒကို ဖြေလျှော့ရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အခြားနိုင်ငံများက ယူကရိန်းကို တင့်ကားများ၊ ဒုံးကျည်များနှင့် တိုက်လေယာဉ်များ ထောက်ပ့့ံပေးခဲ့ချိန်တွင် ဂျပန်သည် စစ်ဖြစ်နေသည့် နိုင်ငံများကို သေစေလောက်သည့် လက်နက်များထောက်ပံ့ရေးကို တားမြစ်ထားသည့် လွှဲပြောင်းမှုမူဝါဒကြောင့် သေစေနိုင်ခြင်းမရှိသည့် ပစ္စည်းများကိုသာ ထောက်ပံ့ပေးခဲ့ပြီး ၎င်း၏ထောက်ပံ့မှုကို ကန့်သတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ချိန်ကတည်းက ဂျပန်သည် ယူကရိန်းကို ကျည်ကာအကျႌများ၊ ခမောက်များ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ၊ ကာကွယ်ရေးဝတ်စုံများ၊ အသေးစားဒရုန်းများနှင့် ရိက္ခာရာရှင်များကို ထောက်ပံ့ခဲ့သည်။

မေ ၂၁ ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) ၏ အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် သီးသန့်တွေ့ဆုံခဲ့ချိန်တွင် ထရပ်ကားများ ထောက်ပံ့မည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒဏ်ရာရရှိသည့် ယူကရိန်းစစ်သားများကို ဂျပန်စစ်ဆေးရုံတွင် ဆေးဝါးကုသပေးမည်ဟုလည်း ဂျပန်က ကမ်းလှမ်းခဲ့သည်။

ယူကရိန်းကို ထောက်ပံ့မည့် ယာဉ်များထဲတွင် အလေးချိန် တန်ဝက်ရှိသည့် ထရပ်ကားများ၊ ရွေ့လျားနိုင်စွမ်းမြင့်မားသည့် ယာဉ်များ၊ ပစ္စည်းများ ရွှေ့ပြောင်းသည့်ယာဉ်များ ပါဝင်သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။

ဂျပန်အစိုးရ၏ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီကမူ ယာဉ်အစီးရေ အတိအကျနှင့် ပို့ဆောင်မည့် အချိန်အပါအဝင် အသေးစိတ်အစီအစဉ်ကို အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုအစီအစဉ်များတွင် ဂျပန်က ပူးပေါင်းပါဝင်ခဲ့ပြီး ယူကရိန်းကို လူသားချင်းစာနာထောက်ထားရေးနှင့် စီးပွားရေးအထောက်အပံ့များ ပေးအပ်ခဲ့သည်။

Most Read

Most Recent