အနောက်နိုင်ငံများ၏ ဖိအားပေးမှုနှင့်ရင်ဆိုင်နေရစဉ် တရုတ်-ရုရှားဆက်ဆံရေးကို ရုရှားဝန်ကြီးချုပ် ချီးကျူးပြောဆို

အနောက်နိုင်ငံများ၏ ဖိအားပေးမှုနှင့်ရင်ဆိုင်နေရစဉ် တရုတ်-ရုရှားဆက်ဆံရေးကို ရုရှားဝန်ကြီးချုပ် ချီးကျူးပြောဆို
မေလ၂၄ ရက်က ပေကျင်းမြို့တွင် ဆွေးနွေးမှုများမပြုလုပ်မီ တရုတ်ဝန်ကြီးချုပ်လီချန်(ယာ)နှင့် ရုရှားဝန်ကြီးချုပ် မစ်ခေးမီရှုစတင်(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
မေလ၂၄ ရက်က ပေကျင်းမြို့တွင် ဆွေးနွေးမှုများမပြုလုပ်မီ တရုတ်ဝန်ကြီးချုပ်လီချန်(ယာ)နှင့် ရုရှားဝန်ကြီးချုပ် မစ်ခေးမီရှုစတင်(ဝဲ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသော်လည်း ရုရှား-တရုတ် ဆက်ဆံရေးသည် မကြုံဖူးလောက်သည့် အဆင့်အထိ တိုးတက်လာကြောင်း မေ ၂၄ ရက်က ပေကျင်း၌ တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်အတွင်း ရုရှားဝန်ကြီးချုပ် မစ်ခေး မီရှုစတင်က ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့် ရုရှားတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်လာခဲ့ကာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ၎င်းနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။

ရုရှားဝန်ကြီးချုပ်သည် မေ ၂၃ ရက်က ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် တရုတ်-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မေ ၂၂ ရက်က တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူသည် တရုတ်သမ္မတရှီကျင်းပင်၊ ဝန်ကြီးချုပ်လီချန်တို့နှင့် တွေ့ဆုံရန် ပေကျင်းမြို့သို့ ဆက်လက်သွားရောက်ခဲ့သည်။

ယင်းသည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်သို့လာရောက်သည့် အဆင့်အမြင့်ဆုံး ရုရှားအစိုးရ တာဝန်ရှိသူတစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

“လက်ရှိအချိန်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ဆက်ဆံရေးဟာ မကြုံဖူးလောက်တဲ့ အဆင့်အထိ တိုးတက်လာနေတယ်” ဟု မီရှုစတင်က တရုတ်ဝန်ကြီးချုပ်လီချန်ကို ပြောကြားခဲ့သည်။ မေ ၂၄ ရက်က မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်အပြင်ဘက်တွင် ရုရှားဝန်ကြီးချုပ်ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြောင်း သိရသည်။

“ဒီဆက်ဆံရေးဟာ တစ်ဦးရဲ့အကျိုးစီးပွားကို တစ်ဦးက အပြန်အလှန်လေးစားမှု၊ အနောက်နိုင်ငံတွေက တရားမဝင် ဒဏ်ခတ် ပိတ်ဆို့ ဖိအားပေးမှုနဲ့ နိုင်ငံတကာ မျက်နှာစာမှာ မတည်ငြိမ်မှုများ မြင့်တက်လာတဲ့ အခြေအနေတွေကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို အတူတကွတုံ့ပြန်ဖို့ဆန္ဒရှိနေတဲ့ သွင်ပြင်လက္ခဏာကို ဖော်ညွှန်းနေတယ်” ဟု မီရှုစတင်ကဆိုသည်။

တရုတ်ဝန်ကြီးချုပ် လီချန်ကလည်း ခေတ်သစ် တရုတ်-ရုရှား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုဆက်ဆံရေးကို ကြိုဆိုခဲ့သည်။

“ဒီတစ်ကြိမ် တရုတ်နိုင်ငံကိုလာရောက်တဲ့ အဆွေတော်ရဲ့ ခရီးစဉ်ဟာ လေးနက်တဲ့ ခံစားမှုမျိုး ကျန်ရစ်ခဲ့လိမ့်မယ်လို့ မိမိယုံကြည်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တရုတ်သည် ရုရှား၏အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ ယမန်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် စံချိန်တင်အဖြစ် ဒေါ်လာဘီလျံ ၁၉၀ ရှိခဲ့ကြောင်း တရုတ် အ ကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

ယခုနှစ်တွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဒေါ်လာဘီလျံ ၇၀ အထိ ရှိလာပြီဖြစ်ကြောင်း လီက အလေးအနက်ပြောဆိုခဲ့သည်။ ယင်းသည် ယမန်နှစ် ကာလတူထက် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာခြင်းဖြစ်ကြောင်းလည်း လီကပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး မဟာ ဗျူဟာမြောက် အကြီးစားစီမံကိန်းများကို လည်း ဖြည်းဖြည်းချင်း ရှေ့တိုးလုပ်ဆောင်နေကြောင်း လီက ထပ်လောင်းပြောဆိုခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အားကစားနယ်ပယ်၊ မူပိုင်ခွင့်နှင့် ရုရှားကောက်နှံပင် တင်ပို့မှုဆိုင်ရာ သဘောတူညီချက် အများအပြားတွင် လက်မှတ်ရေးထိုးခဲ့သည်။ ယမန်နှစ်တွင် တရုတ်သည် ရုရှား၏စွမ်းအင်များကို ဝယ်ယူသည့် ထိပ်တန်းဝယ်လက်ဖြစ်လာခဲ့သည်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားနှင့် ကြုံတွေ့ခဲ့ရပြီးနောက် အခြားနိုင်ငံများသို့ ရုရှား၏ဓာတ်ငွေ့တင်ပို့မှုများမှာမူ အကြီးအကျယ် ကျဆင်းခဲ့သည်။

Most Read

Most Recent