တရုတ်-အမေရိကန်ဆက်ဆံရေးသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဖွင့်ဟပြောဆို

တရုတ်-အမေရိကန်ဆက်ဆံရေးသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဖွင့်ဟပြောဆို
မေ ၂၃ ရက်က အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ရှဲ့ဖုန်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ ရောက်ရှိလာစဉ် (Photo – AFP)
မေ ၂၃ ရက်က အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ရှဲ့ဖုန်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ ရောက်ရှိလာစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်သစ် ရှဲ့ဖုန်းက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုကာကွယ်ပေးဖို့ ကျွန်တော်ဒီကိုရောက်လာတာပါ။ အဲဒါက ကျွန်တော်အလေးအနက်ထားရမယ့် တာဝန်ပဲဖြစ်တယ်” ဟု နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်သို့ရောက်ရှိခဲ့ပြီး နောက်တွင် ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်တော်က တရုတ်ပြည်သူတွေရဲ့သံတမန်လည်းဖြစ်တာကြောင့် တရုတ်-အမေရိကန် အပြန်အလှန် ဆက်ဆံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ ကျွန်တော်ဒီကိုလာခဲ့တာပါ” ဟုလည်း ရှဲ့ဖုန်းက ပြောကြားခဲ့သည်။

မဟာဗျူဟာ ပြိုင်ဘက်များဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ထိုင်ဝမ်အရေးနှင့် ကုန်သွယ်ရေး အပါအဝင် ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားလာစဉ် အမေရိကန်၏လုပ်ရပ်များအပေါ် ဘွင်းဘွင်းရှင်းရှင်း ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည့်အတွက် ၎င်းသည် လူသိများထင်ရှားသူလည်းဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် ရှဲ့ဖုန်းသည် ၁၉၈၆ ခုနှစ်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ် ကာလများတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မြောက်အမေရိကရေးရာဌာန၌ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသည်။

သူသည် ၀ါရှင်တန်ရှိ တရုတ်သံရုံးတွင် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထို့နောက်တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဖြစ်လာခဲ့သည်။ သူသည် ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ အပြန်အလှန် ဆွေးနွေးမှုတွေတိုးမြှင့်ဖို့၊ မတူကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် တရုတ်နိုင်ငံနဲ့လက်တွဲအလုပ်လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါမှသာ နှစ်နိုင်ငံဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာဖြစ်တယ်” ဟု လေဆိပ်မှမထွက်ခွာမီတွင် ၎င်းကပြောကြားခဲ့သည်။

အမေရိကန်လေပိုင်နက်ပေါ်တွင် ပျံသန်းခဲ့သည့် တရုတ်ကင်းထောက်မိုးပျံပူဖောင်းဟု ယူဆရသော အရာကို အမေရိကန်က ပစ်ချခဲ့သည့် လုပ်ရပ်ကိုလည်း ၎င်းက တရားဝင် ပြစ်တင်ရှုတ်ချခဲ့သည်။ တရုတ်ကမူ ယင်းသည် အရပ်ဘက်သုံး လေသင်္ဘောဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက တရုတ်သံအမတ်သစ် ရောက်ရှိလာမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ “သံအမတ်သစ်နဲ့ရော သူ့ရဲ့အဖွဲ့နဲ့ပါ လက်တွဲ အလုပ်လုပ်သွားဖို့ မိမိတို့မျှော်လင့်ပါတယ်။ တာဝန်ယူမှုရှိတဲ့ ယှဉ်ပြိုင်မှုကို ကိုင်တွယ်စီမံဖို့ တရုတ်နဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းဖို့ ကတိကဝတ်ပြုထားဆဲဖြစ်တယ်” ဟု ၎င်းကဆိုသည်။

Most Read

Most Recent