ခဲယမ်းပြတ်လပ်မှုများကြောင့် ဘတ်မွတ်တွင် ရုရှားစစ်သားသောင်းချီသေဆုံးရသည့်ကိစ္စနှင့်ပတ်သက်၍ ဝက်ဂနာကြေးစားစစ်ဖက်ကုမ္ပဏီ အကြီးအကဲက ရုရှားစစ်ခေါင်းဆောင်များကို ပြင်းထန်စွာ ဝေဖန်

ခဲယမ်းပြတ်လပ်မှုများကြောင့် ဘတ်မွတ်တွင် ရုရှားစစ်သားသောင်းချီသေဆုံးရသည့်ကိစ္စနှင့်ပတ်သက်၍ ဝက်ဂနာကြေးစားစစ်ဖက်ကုမ္ပဏီ အကြီးအကဲက ရုရှားစစ်ခေါင်းဆောင်များကို ပြင်းထန်စွာ ဝေဖန်
ရုရှားစစ်ဘက်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်ဝေဖန်နေသည့် ပရီဂေါ့ဇနီကို မေလ ၃ ရက်က ရိုက်ထားသောပုံတွင်တွေ့ရစဉ် (Photo - AFP)
ရုရှားစစ်ဘက်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်ဝေဖန်နေသည့် ပရီဂေါ့ဇနီကို မေလ ၃ ရက်က ရိုက်ထားသောပုံတွင်တွေ့ရစဉ် (Photo - AFP)
Published 6 May 2023
Ref: AFP

ယူကရိန်းဘက်က ပြုလုပ်လာမည်ဟု မျှော်လင့်ရသောထိုးစစ်မတိုင်မီ ရုရှားစစ်တပ်အကြီးအကဲများကို ထူးထူးခြားခြားဝေဖန် တိုက်ခိုက်ရာ၌ ရုရှားကြေးစားစစ်ဘက်ကုမ္ပဏီဝက်ဂနာအကြီးအကဲ ယက်ဂျီနီပရီဂေါ့ဇနီက အဓိကတိုက်ပွဲဖြစ်ပွားရာနေရာဖြစ်သော ဘတ်မွတ်မှ ရှေ့တန်းရောက်စစ်သားများကို ရုပ်သိမ်းမည်ဟု မေလ ၅ ရက်တွင် ခြိမ်းခြောက်ပြောကြားသည်။

ဝေဖန်တိုက်ခိုက်ထားသည့် ဗီဒီယိုအများအပြားတွင် ပရီဂေါ့ဇနီက ယူကရိန်း၌ ရုရှားတိုက်ခိုက်ရေးသမားများ သောင်းချီ သေဆုံး၊ ဒဏ်ရာရခြင်းအတွက် ကာကွယ်ရေးဝန်ကြီးဆာဂေးရွိုင်ဂူနှင့် စစ်ဦးစီးချုပ်ဗယ် လာရီဂျီရာဆီမော့တို့ကို အပြစ်တင်ထား သည်။

၎င်း၏ကြေးစားစစ်အုပ်စုဖြစ်သော ဝက်ဂနာမှ တိုက်ခိုက်ရေးသမားများကို လုံလောက်သော ခဲယမ်းများပံ့ပိုးပေးရန်ပျက်ကွက်ခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးနှင့်စစ်ဦးစီးချုပ်တို့ တာဝန်ခံရန် ပရီဂေါ့ ဇနီက ပြောကြားခဲ့သည်။

“သေဆုံး၊ ဒဏ်ရာရခဲ့သူ ထောင်ပေါင်းများစွာအတွက် သူတို့ဟာအဲ့ဒီကျဆုံး၊ ဒဏ်ရာရစစ်သားတွေရဲ့မိခင်တွေနဲ့သားသမီးတွေရဲ့ရှေ့မှာ တာဝန်ခံကြရပါလိမ့်မယ်။ အဲဒါကို ကျွန်တော် ထမြောက်အောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

“သူတို့ရဲ့ပရော်ဖက်ရှင်နယ်မဆန်မှုက ရုရှားလူသောင်းဂဏန်းလောက်ကို သေဆုံးစေပါတယ်။ ဒါဟာ ခွင့်လွှတ်လို့မရနိုင်ပါဘူး” ဟု ပရီဂေါ့ဇနီက ဆက်လက်ပြောကြားသည်။

ဝက်ဂနာသည်တိုက်ပွဲဖြစ်ပွားရာ အဓိကနေရာဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှားတိုက်ခိုက်မှုအား ဦးဆောင်ပြုလုပ်နေသည်မှာ လပေါင်းများစွာရှိ ကြာပြီဖြစ်သည်။ ပရီဂိုဇနီသည်သမ္မတ ဗလာဒီမာပူတင်၏မဟာမိတ်ဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် အာဏာအားပြိုင်ရာတွင်  ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီ ဝက်ဂနာ အကြီးအကဲအဖြစ် ပါဝင်ပတ်သက်နေသူဖြစ်သည်။

ပရီဂေါ့ဇနီသည် တပ်များ ရုပ်သိမ်းရန် ယခင်က အလားတူခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဆိုသော်လည်း ယူကရိန်းတွင် ရုရှားဆင်နွှဲနေသောစစ်ဆင်ရေး၏ ခေါင်းဆောင်များကို စိတ်ထိခိုက်စရာကောင်းသော အသုံးအနှုန်းနှင့်အတုံးလိုက်အတစ်လိုက် ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန်မှုတို့သည် အလွန်ထူးခြားနေသည်။

“၂၀၂၃ မေလ ၁၀ ရက်မှာ ဘတ်မွတ်မှာ ကျွန်တော်တို့ ယူထားတဲ့နေရာတွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့တပ်ဖွဲ့တွေထံ လွှဲပြောင်းပေးသွားမှာဖြစ်ပြီး နောက်တန်းစခန်းတွေမှာထိုင်ပြီး အားမွေးဖို့ ဝက်ဂနာတပ်ဖွဲ့တွေကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်”ဟု ပရီဂေါ့ဇနီက Telegram တွင် ထုတ်ပြန်ခဲ့သည်။

“ခဲယမ်းကျည်ဆန်တွေ မရှိတဲ့အနေအထားမှာ သူတို့ဟာ အဓိပ္ပာယ်မဲ့သေမင်းကို ရင်ဆိုင်နေရတာကြောင့် ဝက်ဂနာတပ်ဖွဲ့တွေကို ဘတ်မွတ်ကနေ ရုပ်သိမ်းသွားမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ၎င်းကဖော်ပြခဲ့ပြီး တပ်ရုပ်သိမ်းမှုကိုမည်သို့ အကောင်အထည်ဖော်မလဲဆိုသည့်ကိစ္စနှင့်စပ်လျဉ်း၍ စစ်တပ်ထံမှ အစီအမံကို ယခု မိမိ မျှော်လင့်နေသည်ဟု ပရီဂေါ့ဇနီက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Most Read

Most Recent