ဂျပန်တွင် အင်အားပြင်းငလျင်ကြောင့် လူတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့ပြီး နောက်ဆက်တွဲငလျင် ၅၀ ကျော် ထပ်မံလှုပ်ခတ်

ဂျပန်တွင် အင်အားပြင်းငလျင်ကြောင့် လူတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့ပြီး နောက်ဆက်တွဲငလျင် ၅၀ ကျော် ထပ်မံလှုပ်ခတ်
ဂျပန်နိုင်ငံ အိရှိကာဝါစီရင်စု၊ ဆုဇုမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို မေ ၆ ရက်ကတွေ့ရစဉ် (Photo – AFP)
ဂျပန်နိုင်ငံ အိရှိကာဝါစီရင်စု၊ ဆုဇုမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို မေ ၆ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: AFP

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူတစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်အကြာ မေ ၆ ရက်က  နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ခြင်းမှ ထိခိုက်မှုပမာဏကို ဆန်းစစ်အကဲဖြတ်လျက်ရှိသည်။

မေလ ၅ ရက် မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ အလယ်ပိုင်း အိရှိကာဝါဒေသတွင် ပြင်းအား ၆ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်တစ်ခု မြေအနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည်ဟု ဂျပန်မိုးလေသဝဌာနက ထုတ်ပြန်ခဲ့သည်။

မေ ၆ ရက် နံနက်ပိုင်းတွင် နောက်ဆက်တွဲငလျင်ပေါင်း ၅၀ ကျော် လှုပ်ခတ်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့သည် အင်အားပြင်းထန်ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းဒေသတွင် မိုးသည်းထန်မှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ငလျင်ဒဏ်ကြောင့် လူ ၂၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိမိတို့ဝန်ထမ်းများသည် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးများကို စစ်ဆေးလျက်ရှိသည်ဟု ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသည့် အိရှိကာဝါ စီရင်စု၊ ဆုဇုမြို့မှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆောက်အအုံ အပျက်အစီးများကြားတွင် ပိတ်မိနေသူနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူ ၅၀ ခန့်ကိုလည်း စာသင်ကျောင်းများနှင့် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ရုုပ်သံမှတ်တမ်းတစ်ခုတွင်မူ ကုန်စုံဆိုင်တစ်ခု၌ ပစ္စည်းစင်များပေါ်မှ ၀ိုင်ပုလင်းများနှင့် အခြားကုန်ပစ္စည်းများ လွင့်စင်ကျကာ အပျက်အစီးများ ပြန့်ကျဲနေပုံကို ပြသထားသည်။

ဒေသခံအချို့သည်လည်း ငလျင်ဒဏ်ကြောင့် ၎င်းတို့၏သစ်သားအိမ်များ တစ်စိတ် တစ်ပိုင်း ပြိုကျပျက်စီးသွားသည့်အတွက် မိုးရေထဲတွင် အပျက်အစီးများကို လိုက်လံရှင်းလင်းလျက်ရှိသည်။

ဆုဇုမြို့ရှိ အိမ်ထောင်စု သုံးဒါဇင်ကျော်သည် ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု တာဝန်ရှိသူများက မေ ၆ ရက်တွင် ပြောကြားခဲ့ပြီး အချို့နေရာများတွင် နေအိမ်များဆီ သို့ ပိုက်များဖြင့် သွယ်တန်းပေးဝေသည့် ရေ များသည် အညိုရောင်ပြောင်းသွားခဲ့သည်ဟု သိရသည်။

အမြင့်ဆုံးပမာဏ ခုနစ်အထိရှိသည့် ဂျပန်နိုင်ငံ၏ ရှင်ဒိုမြေငလျင်တိုင်းတာမှု သတ်မှတ်ချက်အရ အဆိုပါငလျင်၏ ပြင်းအားကို ခြောက်အထက် သတ်မှတ်ခဲ့သည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှဒေသတစ်လျှောက်နှင့် ပစိဖိတ်မြစ်ဝှမ်းအထိဆန့် တန်းတည်ရှိကာ မြေငလျင်လှုပ်ရှားမှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် မြင်းခွာပုံသဏ္ဍာန် ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းဒေသတွင် တည်ရှိသည့်အတွက် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။

သို့ရာတွင် ဂျပန်သည် အင်အားပြင်း ငလျင်ဒဏ်ကို ခံနိုင်အောင် အဆောက်အအုံများ တည်ဆောက်ရန် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားသကဲ့သို့ အင်အားပြင်းငလျင်လှုပ်ခတ်လာလျှင် တုံ့ပြန်ပြင်ဆင်နိုင်စေရန်အတွက်လည်း အရေးပေါ် အခြေအနေဆိုင်ရာ လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။

အာဖရိကလေးနိုင်ငံနှင့် စင်ကာပူနိုင်ငံခရီးစဉ်မှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ် ဖုမိယို ကိရှိဒက ငလျင်ဒဏ်ကြောင့် သေဆုံးသူအတွက် များစွာဝမ်းနည်းပူဆွေးမိကြောင်းနှင့် ငလျင်ဒဏ်သင့် ပြည်သူများကိုလည်း စာနာထောက်ထားကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent