ပိုလန်က ယူကရိန်းထံ MiG-29ဂျက် တိုက်လေယာဉ်လေးစင်းပါသော ကနဦး အသုတ်ကိုပေးပို့မည်ဟု မတ်လ ၁၆ ရက်တွင် ပိုလန်သမ္မတအန်ဂျာဒူဒါက ပြောကြားလိုက်ရာ ၎င်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ယင်းသို့ ပထမဆုံးပေးပို့မှု ဖြစ်လာမည်ဖြစ်သည်။
အဓိကအားဖြင့် ခေတ်မီအမေရိကန်လုပ် F-16 တိုက်လေယာဉ်များ လိုအပ်နေသည်ဆိုသော်လည်း ယူကရိန်းက စစ်လေယာဉ်များပို့ပေးရန် အနောက်မဟာမိတ်နိုင်ငံများကို ထပ်တလဲလဲ မေတ္တာရပ်ခံထားသည်။ သို့သော်လည်း လက်ရှိအချိန်ထိ အနောက်နိုင်ငံများက ယူကရိန်းကို ဂျက်တိုက်လေယာဉ်များပေးမည်ဟု ကတိပြုထားခြင်း မရှိပေ။
“ကျွန်တော် မှန်မှန်ကန်ကန် မှတ်မိမယ်ဆိုရင်တော့ အပြည့်အဝ အလုပ်လုပ်နိုင်တဲ့ လေယာဉ်လေးစင်းကိုရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းထံ ကျွန်တော်တို့ ပထမဆုံးပို့ပေးသွားမှာဖြစ်ပါတယ်” ဟု ဒူဒါက ဆိုဗီယက်ပုံ စံထုတ်ဂျက်တိုက်လေယာဉ်များအကြောင်းကို သတင်းထောက်များအားပြောကြားသည်။
ပိုလန်သည် ယူကရိန်းထံ နောက်ထပ် ပစ္စည်းကိရိယာများပို့ဆောင်ရေးကို ဦးဆောင်ကြိုးပမ်းလျက်ရှိပြီး အလားတူလိုက်လံလုပ်ဆောင်ရန် အနောက်ကို သိမ်းသွင်းလျက်ရှိသည်။
ဂျာမနီဒီမိုကရက်တစ်သမ္မတနိုင်ငံဟောင်းထံမှ ဆက်ခံထားသော လေယာဉ် တစ်ဒါဇင် သို့မဟုတ် MiG လေယာဉ်များ ပိုလန်တွင် လောလောဆယ်ရှိနေသည်ဟု ဒူဒါက ပြောကြားပြီး ထိုလေယာဉ်များကို ယူကရိန်းထံ ပို့ပေးလုဆဲအနေအထားဖြစ်သည်ဟု ဆိုသည်။
“အဲဒီ MiG လေယာဉ်တွေဟာ ပိုလန်လေတပ်မှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ သူတို့ဟာ တာဝန်ထမ်းဆောင်မှုနောက်ဆုံးသက်တမ်းကို ရောက်နေပြီဖြစ်ပေမယ့်လည်း အစိတ်အပိုင်းအများစုဟာ အပြည့်အဝအလုပ်လုပ်နေဆဲဖြစ်ပါတယ်”ဟု ပိုလန်သမ္မတက ပြောကြားသည်။
MiG လေယာဉ်များသည် ထပ်မံသင်တန်းပေးရန် မလိုဘဲ ယူကရိန်းလေယာဉ်မှူးများ ယနေ့ မောင်းနှင်နိုင်သော ဂျက်လေယာဉ်များဖြစ်သည်ဟု ပိုလန်သမ္မတက ဖြည့်စွက် ပြောကြားသည်။
ယူကရိန်းက မိမိ၏ မိတ်ဖက်နိုင်ငံများကို ကျေးဇူးတင်နေသည်ဟု ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“MiG ဂျက်တိုက်လေယာဉ်တွေဟာ လုပ်ငန်းတာဝန်တွေကို ဖြေရှင်းပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က F-16 တွေလိုအပ်တာပါ။ ဒါပေမဲ့ MiG တွေဟာ ကျွန်တော်တို့ ရဲ့စွမ်းရည်တွေကို အမှန်တကယ် အားကောင်းစေဖို့ အကူအညီပေးပါလိမ့်မယ်” ဟု ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်နတ်က ပြောကြားသည်။
ပိုလန်ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ရုရှားဘက်က လတ်တလောပြောကြားခြင်းမရှိပေ။ သို့သော်လည်း ယူကရိန်းထံ အနောက်လက်နက်များပံ့ပိုးခြင်းက ပဋိပက္ခကို အချိန်ကြာစေမည်ဖြစ်ကာ ယူကရိန်းအရပ်သားများ ထိခိုက်မှုတိုးလာစေမည်ဖြစ်ပြီး ရုရှား၏ စစ်ရေးရည်မှန်းချက်များကို သက်ရောက်မှုမရှိဟု ရုရှားက ပြောကြားထားသည်။
အမေရိကန်ကမူ ယူကရိန်းထံ စစ်လေယာဉ်ပေးမည်မဟုတ်ဟူသော သဘောထားကိုပြောင်းလဲမည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားသည်။














