လာမည့်သီတင်းပတ်အတွင်း သမ္မတရှီကျင်းပင် ရုရှားသို့ သွားရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

လာမည့်သီတင်းပတ်အတွင်း သမ္မတရှီကျင်းပင် ရုရှားသို့ သွားရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
မတ်လ ၁၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့မဟာခန်းမဆောင်တွင်ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးအတွင်း သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုနေသည့် ရှီကျင်းပင်အား တွေ့ရစဉ် (Photo – AFP)
မတ်လ ၁၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့မဟာခန်းမဆောင်တွင်ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးအတွင်း သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုနေသည့် ရှီကျင်းပင်အား တွေ့ရစဉ် (Photo – AFP)
Published 17 March 2023
Ref: AFP

တရုတ်သမ္မတ ရှီကျင်းပင်သည် လေးနှစ်နီးပါးအတွင်း ၎င်း၏ပထမဆုံး မော်စကိုခရီးစဉ်အဖြစ် လာမည့်သီတင်းပတ်အတွင်း ရုရှားသို့ သွားရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင်းပင်ဟာ မတ်လ ၂၀ ရက်က ၂၂ ရက်အထိ ရုရှားကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။

ရှီ၏ နောက်ဆုံးအကြိမ် ရုရှားသို့သွားရောက်သည့်ခရီးစဉ်မှာ ၂၀၁၉ ခုနှစ်ကဖြစ်သည်။ ပူတင်သည် ပြီးခဲ့သည့်နှစ်က ပေကျင်းတွင်ပြုလုပ်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဥဇဘတ်ကစ္စတန်တွင်ပြုလုပ်ခဲ့သည့် ဒေသတွင်း လုံခြုံရေးအစည်းအဝေးတွင်လည်း တွေ့ဆုံခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးလိမ့်မည်ဟု ရုရှားနှင့် တရုတ်အာဏာပိုင်များက တစ်ချိန်တည်းနီးပါး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နိုင်ငံတကာအဆင့်အပါအဝင် နှစ်နိုင်ငံအကြား ပြည့်စုံ စေ့စပ်သည့် မိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေးလိမ့်မည်ဟု ကရင်မလင်းက ပြောကြားခဲ့ပြီး အရေးကြီးသည့် သဘောတူညီချက်များကိုလည်း လက်မှတ်ရေး ထိုးလိမ့်မည်ဟု ဆိုသည်။

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှု တစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ရှီ၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခတွင် တရုတ်သည် ကြားနေအဖြစ် ရပ်တည်ရန်ကြိုးပမ်းခဲ့သော်လည်း အနောက်နိုင်ငံများမှ ခေါင်းဆောင်အချို့ကမူ တရုတ်အား အများ၏ ယုံကြည်လက်ခံနိုင်မှု အားနည်မှုနှင့်အတူ ရုရှားအား လျှို့ဝှက်စွာထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် စစ်ပွဲနှင့်ပတ်သက်သည့် အချက် ၁၂ ချက်ပါ စာတမ်းတစ်စောင်တွင် တရုတ်သည် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်နှင့် နိုင်ငံအားလုံး၏ နယ်မြေအချုပ်အခြာအာဏာပိုင်မှုကို လေးစားရန် တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ရုရှားသည် မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ပြီး ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးသည်  အကန့်အသတ်မရှိကြောင်း မကြာခဏ ကြေညာလေ့ရှိသည်။

မတ်လ ၁၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှီအနေနှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် ဖုန်းဆက်သွယ်ပြောဆိုရန် စီစဉ်ခဲ့ခြင်းရှိ မရှိ မေးမြန်းခံရချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ခြင်းမရှိပေ။

မတ်လ ၁၆ ရက်ကမူ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနှင့် ရုရှားကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည်စတင်ရန် တိုက်တွန်းခဲ့ပြီး ယူကရိန်းကလည်း ယင်းတိုက်တွန်းမှုသည် ယူကရိန်း၏နယ်မြေ တည်တံ့ခိုင်မြဲရေး၏ အရေးကြီးပုံကို မြှင့်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့များအားလုံးသည် တည်ငြိမ်မှုရှိပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်စတင်ရန်နှင့် နိုင်ငံရေးအရ ကျေအေးမှုရရှိစေသည့် လမ်းပေါ်ကို ပြန်လည်ရောက်ရှိစေရန် တရုတ်က မျှော်လင့်ထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။

Most Read

Most Recent