ယူကရိန်းကိုစစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းရန် ချက်ပြည်သူထောင်ပေါင်းများစွာက ချက်အစိုးရကို ဆန္ဒပြတောင်းဆို

ယူကရိန်းကိုစစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းရန် ချက်ပြည်သူထောင်ပေါင်းများစွာက ချက်အစိုးရကို ဆန္ဒပြတောင်းဆို
မတ်လ ၁၁ ရက်က ချက်အစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို တွေ့ရစဉ် Photo: AFP
မတ်လ ၁၁ ရက်က ချက်အစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို တွေ့ရစဉ် Photo: AFP
Published 13 March 2023
Ref: AFP

ငွေကြေးဖောင်းပွမှုမြင့်မားနေခြင်း၊ ယူကရိန်းအတွက် ချက်၏စစ်ရေးကူညီမှု အဆုံး သတ်ရေးတို့ကိုတောင်းဆိုရန် ပြည်သူထောင်ပေါင်းများစွာသည် မတ်လ ၁၁ ရက်က မြို့ တော်ပရာဟာ၏လမ်းများပေါ် ထွက်လာခဲ့ကာ အစိုးရကိုဆန္ဒပြခဲ့ကြသည်။

ချက်သမ္မတနိုင်ငံသည် ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ပေါ်သည့် စွမ်းအင်စျေးနှုန်းများ မြင့်မားနေခြင်းကြောင့် တစ်နှစ်ကြာ စံချိန်တင် ငွေကြေးဖောင်းပွမှုများနှင့် လုံးပန်းနေရသည်။

ဖေဖော်ဝါရီလတွင် ချက်သည် နှစ်စဉ်ငွေဖောင်းပွမှု ၁၆ ဒသမ ၇ ရာခိုင်နှုန်းကို ရောက်ရှိခဲ့သည်။ ချက်သည် ပြည်သူ ၁၀ ဒသမ ၅ သန်းနေထိုင်ရာ နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကာ နေတိုးအ ဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။

မတ်လ၁၁ရက် ချက်ပြည်သူများ၏ ဆင်းရဲမွဲတေမှု လူထုဆန္ဒပြပွဲကို နိုင်ငံရေးပါတီသစ်တစ်ခုက စီစဉ်ခြင်းဖြစ်သည်။

“ဒီဆင်းရဲမွဲတေမှုကို ကျွန်တော်တို့ မားမားမတ်မတ်ဆန့်ကျင်ဖို့ ဒီကနေ့ ဒီနေရာကို ကျွန်တော်တို့ လာရောက်စုရုံးတာဖြစ်ပါတယ်”ဟု ပါလီမန်နှင့်မသက်ဆိုင်သော PRO ပါတီကို ဦးဆောင်သူ ဂျင်းဒရစ်ရာချယ်က ပရာဟာမြို့လယ်ရှိ ဝင်းဆက်ဆလားရင်ပြင်တွင် လူအုပ်ကြီးကိုပြောကြားသည်။

ပီတာဖိုင်ယာလာ၏ ဗဟို-လက်ယာ အစိုးရအဖွဲ့နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ချက်ပြည်သူများ၏ အကျိုးစီးပွားများကို အလေးထားသော ခေါင်းဆောင်များကိုသာ မိမိအလိုရှိသည်ဟု ဂျင်း ဒရစ်ရာချယ်က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျူးကျော်မှုစတင်ကတည်းက ဖိုင်ယာလာ၏အစိုးရသည် စစ်ကြောင့်ပျက်စီးနေသော ယူကရိန်းထံ စစ်ရေးအကူအညီနှင့် လူသားချင်းစာ နာမှုအကူအညီအများအပြား ပေးပို့နေခြင်းနှင့်အတူ ယူကရိန်းကို ပိုမိုအရေးစိုက်နေသည်ဟု ဝေဖန်သူများက စွပ်စွဲထားကြသည်။

ဆန္ဒပြသူများက နေတိုးမဟာမိတ်အဖွဲ့ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်သည်။ ထို့အပြင် ဝင်းဆက်ဆလားရင်ပြင်အထက်ပိုင်းရှိ အမျိုးသားပြတိုက်အဆောက်အအုံမှ ယူကရိန်းအလံကို ဆုတ်ဖြဲရန် ဆန္ဒပြသူတစ်ဦးက အသံချဲ့စက်ဖြင့် လူအုပ်ကို တောင်းဆိုနေပုံအား ချက်မီဒီယာက ဖော်ပြခဲ့သည်။

ယင်းသို့သောအနေအထားတွင် ဥရောပသို့လက်နက်တင်သွင်းမှုများသည် ၂၀၂၂ ခုနှစ်တွင် နှစ်ဆနီးပါးရှိလာသည်ဟု မတ်လ ၁၃ ရက်တွင် သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားသည်။ ယူကရိန်းသို့ လက်နက်အများအပြား တင်ပို့ခြင်းများကြောင့် ဥရောပကို လက်နက်တင်ပို့မှုများ မြင့်တက်လာခြင်း ဖြစ်သည်ဟုဆိုသည်။  ယူကရိန်းသည် ကမ္ဘာ့တတိယအများဆုံး လက်နက်တင်သွင်းရာနိုင်ငံဖြစ်လာသည်ဟု ၎င်းတို့က ဖော်ပြခဲ့ကြသည်။

၂၀၂၁ ခုနှစ်ထက် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်း ခုန်တက်လာခြင်းနှင့်အတူ ပိုလန်၊ နော်ဝေတို့အပါအဝင် ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် အရှိန်အဟုန် တိုးတက်လာခြင်းကြောင့် လက်နက်တင်သွင်းမှုများသည်လည်း မြင့်တင်လာခြင်းဖြစ်သည်ဟု စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနသိပ္ပံ(SiPRI)၏ ထုတ်ပြန်ချက်အရ သိရသည်။

တင်သွင်းမှုနှုန်းသည် ထပ်မံမြင့်တက်လာမည်ဟု ယူဆရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျူးကျော်မှုဟာ  ဥရောပမှာလက်နက်တွေအတွက် ဝယ်လိုအားကို သိသိသာသာမြင့် တက်စေတာမျိုး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ ဥရောပနိုင်ငံတွေရဲ့လက်နက်တင်သွင်းမှုတွေကို မြင့်တက်စေမှာပါ။ နောက်ထပ် အ ကျိုးဆက်ရှိလာစေမှာပါ”ဟု SIPRI ၏ အကြီးတန်းသုတေသနပညာရှင် ပီတာဝီဇီမန်းက အေအက်ဖ်ပီကို ပြောကြားသည်။

ယူကရိန်းသည် လွန်ခဲ့သောနှစ်ကလောက်အထိ မပြောပလောက်သော လက်နက်တင်သွင်းနိုင်ငံဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ တတိယအများဆုံးလက်နက်တင်သွင်းသောနိုင်ငံဖြစ် လာသည်ဟုဆိုသည်။                   

         

Most Read

Most Recent