ကိုရီးယားစစ်ပွဲကာလအတွင်းက အမေရိကန်လုပ်ဗုံးများကို စနက်တံဖြုတ်ရှင်းလင်းနိုင်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

ကိုရီးယားစစ်ပွဲကာလအတွင်းက အမေရိကန်လုပ်ဗုံးများကို စနက်တံဖြုတ်ရှင်းလင်းနိုင်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
မတ်လ ၉ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်နေရာတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၉ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်နေရာတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ် (Photo – AFP)
Published 11 March 2023
Ref: Reuters

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်သားများက ဗုံးများ၊ အမြောက်ဆန်များ၊ မိုင်းများ၊ လက်ပစ်ဗုံးများနှင့် အခြားဖောက်ခွဲရေးပစ္စည်း ၁၁၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းလက်နက်များသည် ကိုရီးယားစစ်ပွဲကာလအတွင်းက အမေရိကန်လုပ် လက်နက်များ ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာဖြစ်သည့် KCNA သတင်းအေဂျင်စီက မတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းလက်နက်များကို ပြုံယမ်းမြို့ ပြည်သူ့လုံခြုံရေး ဗျူရိုနှင့်အတူ ကျွမ်းကျင်သူများက စနက်တံဖြုတ်ရှင်းလင်းခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

ဟွာဆောင်ဒေသရှိ အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရှိခဲ့သည့် ယင်းဖောက်ခွဲရေးပစ္စည်းများသည် သံချေးတက်နေပြီဖြစ်သော်လည်း အချိန်မရွေးပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် လူနေမှုဘဝကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ခေါင်းဆောင်ကင်ဂျုံအွန်သည် ပြုံယမ်းမြို့တော်တွင် လူနေတိုက်ခန်း ၅၀၀၀၀ ကို အသစ်ဆောက်လုပ်ရန် စီမံကိန်းချပြီး လုပ်ဆောင်ခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် နယ်စပ်များကို ပိတ်ခြင်း၊ ၎င်း၏ နျူကလီးယားလက်နက်များနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စီမံကိန်းများကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသဖြင့် ၎င်း၏ စီးပွားရေးသည် ဆိုးရွားစွာ ထိခိုက်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲအပြီးတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် ဖောက်ခွဲရေးပစ္စည်းများသည် ကိုရီးယားနှစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် ကာလကြာရှည် အန္တရာယ်တစ်ခုဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်းက နိုင်ငံတကာ ကြက်ခြေနီကော်မတီ၏ လက်နက် ညစ်ညမ်းမှုရှင်းလင်းရေးအဖွဲ့မှ ကျွမ်းကျင်သူများသည် မြောက်ကိုရီးယားအဖွဲ့များကို ဗုံးရှင်း လင်းရေး ပညာများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

ကိုရီးယားစစ်ပွဲကာလအတွင်း အမေရိကန်စစ်လေယာဉ်များသည် မြောက်ကိုရီးယားနိုင်ငံ၏ နေရာအနှံ့ကို ဗုံးများကြဲချခဲ့ပြီး ယင်းပမာဏသည် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်စစ်နယ်ဝန်း တစ်ခုလုံးတွင် ကြဲချခဲ့သည့် အမေရိကန်၏ ဗုံးအရေအတွက်ထက် ပိုမိုများပြားခဲ့သည်ဟု အမေရိကန် သုတေသီများက ပြောကြားခဲ့သည်။

အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုများသည် မြောက်ကိုရီး ယား၏ ပညာရေးတွင် အထင်ကရ ဖြစ်စဉ် တစ်ခုအဖြစ်ပါဝင်ခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများကို စနက်တံဖြုတ်ရှင်းလင်းမှုကို မြင်တွေ့ရသဖြင့် စစ်တပ်နှင့် အရပ်ဘက်လုပ်သားများသည် အမေရိကန်နယ်ချဲ့များအပေါ် ထားရှိသည့် အမုန်းတရားများ ပိုမိုမြင့်တက်ခဲ့သည်ဟု KCNA က မတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် တားမြစ်ခံထားရသည့် လက်နက်စမ်းသပ်မှုများကို ပိုမိုပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား အမေရိကန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နေမှုနှင့်အတူ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအခြေအနေအထိ ကျဆင်းနေသည်။

Most Read

Most Recent