နိုင်ငံရေးပါတီငါးပါတီ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း UEC ကြေညာ

နိုင်ငံရေးပါတီငါးပါတီ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း UEC ကြေညာ
Published 1 March 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီများအနက် နိုင်ငံရေးပါတီငါးပါတီ၏ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့် ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာခဲ့သည်။

UEC က ကြေညာခဲ့သည့် ပါတီငါးပါတီမှာ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်)တို့ ဖြစ်သည်။

ယင်းပါတီများ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ကြေညာချက်ထုတ်ပြန်သည့်နေ့မှစပြီး ခုနစ်ရက်အတွင်း ခိုင်လုံ‌သည့်အထောက်အထားများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ UEC က ကြေညာထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီအနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဖေ‌ဖော်ဝါရီ ၁၆ ရက်တွင်လည်းကောင်း၊ ဒီမိုကရေစီပါတီသစ်(ကချင်)အနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း UEC ထံ ပြန်လည်လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း(သို့) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ရှစ်ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ လေးပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ကိုးပါတီ ရှိသည့်အတွက် စုစုပေါင်း ၁၃ ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

အဆိုပါ ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ရှစ်ပါတီဖြစ်ပြီး အဆိုပါပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent