သည်းထိတ်ရင်ဖိုဇာတ်ကားများကို နှစ်သက်ပြီး ထိုဇာတ်ကားများက ဖိစီးမှုကို လျော့စေသည်ဟု ခံစားရကြောင်း ဂျန်နာအော်တေဂါ ဖွင့်ဟ

သည်းထိတ်ရင်ဖိုဇာတ်ကားများကို နှစ်သက်ပြီး ထိုဇာတ်ကားများက ဖိစီးမှုကို လျော့စေသည်ဟု ခံစားရကြောင်း ဂျန်နာအော်တေဂါ ဖွင့်ဟ
Published 19 December 2022

လတ်တလောတွင် Netflix ရုပ်သံဇာတ်လမ်းတွဲ Wednesday ဖြင့် နာမည်ကြီးနေသည့် အမေရိကန်ရုပ်ရှင်မင်းသမီး ဂျန်နာအော်တေဂါသည် ကြောက်မက်ဖွယ်ဇာတ်လမ်းအမျိုးအစားကိုမှ ကြိုက်သူဖြစ်သည်။

ကလေးသရုပ်ဆောင်ဘဝမှ တက်လာကာ ယခုအသက် ၂၀ အရွယ်တွင် အောင်မြင်နေပြီဖြစ်သည့်အော်တေဂါသည် အနိဌာရုံဇာတ်ကားများဖြစ်သည့် X နှင့် Scream တွင် သရုပ်ဆောင်ပြီးနောက် Scream Queen ဆိုသည့် နာမည်ပင် အမှည့်ခံထားရသည်။

Wednesday သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတွင် Wednesday Addams ဇာတ်ကောင်ဖြင့် ပါဝင်ထားသည့်  အော်တေဂါက ၎င်းသည် သွေးထွက်သံယိုဇာတ်ကားများကို ကြိုက်ပြီး ထိုဇာတ်လမ်းများက သက်သောင့်သက်သာဖြစ်စေသည်၊ ဖိစီးမှုကိုလျော့စေသည်ဟု The Tonight Show Starring Jimmy Fallon အစီအစဉ်တွင် ဖွင့်ဟထားသည်။

ကင်မရာနောက်ကွယ်မှ ထိုဇာတ်လမ်းများကို ရိုက်ကူးသူများကလည်း ထိတ်လန့်စရာကို နှစ်သက်သူများဖြစ်သည်ဟု ၎င်းက ပြောသေးသည်။

၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များက Addams Family ဇာတ်ကားများတွင် Wednesday ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ယခုအသက် ၄၂ နှစ်အရွယ်မင်းသမီး ခရစ္စတီးနားရစ်ချီကလည်း အော်တေဂါကို ချီးကျူးနေသည်။ Netflix မှ ပြသည့် Wednesday တွင်  ခရစ္စတီနာက နောက်ထပ်ဇာတ်ကောင်တစ်ခုအဖြစ် အော်တေဂါနှင့် တွဲဖက်သရုပ်ဆောင်ပြီး  ၎င်းတို့အတူ စရိုက်လာကတည်းက အော်တေဂါကို သဘောကျလာခဲ့ခြင်းဖြစ်သည်။

“အဲဒီဇာတ်ကောင်နဲ့ သရုပ်ဆောင်ခွင့်ရခဲ့လို့ ကျွန်မအရမ်းဂုဏ်ယူရတယ်။ ခုလည်းအဲဒီဇာတ်ကောင်နဲ့မြင်ရတဲ့ ဂျန်နာအော်တေဂါဟာ တော်တယ်၊ သတ္တိရှိတယ်လို့ ကျွန်မမြင်တယ်” ဟု ခရစ္စတီးနားက ဆိုသည်။

Wednesday Addams သည် အထင်ကရဇာတ်ကောင်တစ်ခုဖြစ်သည့်အတွက် ထိုဇာတ်ကောင်ကိုရသည့် အော်တေဂါလည်း ဖိအားများခံစားခဲ့ရသည်။ အော်တေဂါသည် ပြီးခဲ့သည့် စက်တင်ဘာတွင် အသက် ၂၀ ပြည့်ထားပြီး ဟောလိဝုဒ်၏ တက်သစ်စ စတားများထဲမှ အလားအလာကောင်းသည့် မင်းသမီးတစ်လက်ဖြစ်သည်။

Most Read

Most Recent