၂၀၂၃ ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်း၏ အကောင်းဆုံးဒရာမာဇာတ်ကားများတွင် Avatar၊ Top Gun နှင့် Elvis တို့ ပါဝင်

၂၀၂၃ ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်း၏ အကောင်းဆုံးဒရာမာဇာတ်ကားများတွင် Avatar၊ Top Gun နှင့် Elvis တို့ ပါဝင်
Published 13 December 2022

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် အကြိမ် ၈၀ မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်ဇာတ်ကားများစာရင်း ထွက်ရှိထားရာ Avatar: The Way of Water၊ Elvis နှင့် Top Gun:Maverick တို့က အကောင်းဆုံးဒရာမာဇာတ်ကားဆု လျာထားသည့်အထဲ ပါဝင်နေသည်။

အကောင်းဆုံးဇာတ်မြူးဇာတ်ကားဆု လျာထားသည့်အထဲတွင်မူ Babylon၊ The Banshees of Inisherin နှင့် Everything Everywhere All at Once တို့ ပါဝင်နေပြီး အကောင်းဆုံးဒရာမာဇာတ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ကိတ်ဘလန့်ချက်က Tar ဇာတ်ကားဖြင့်၊ အန်နာဒီအာမက်စ်က Blonde ဇာတ်ကားဖြင့်၊ မီရှဲလ်ဝီလီယမ်က The Fablemans ဇာတ်ကားဖြင့် ရွေးချယ်ခံထားရသည်။

Elvis ဇာတ်ကားမှ အော်စတင်ဘတ်တလာ၊ The Whale ဇာတ်ကားမှ ဘရန်ဒန်ဖရေဆာ၊ The Son ဇာတ်ကားမှ ဟုဂျက်မန်းတို့က အကောင်းဆုံးဒရာမာဇာတ်ဆောင်မင်းသားဆု ဆန်ခါတင်စာရင်းတွင် နေရာယူထားပြီး အကောင်းဆုံးဒါရိုက်တာဆုကို ဂျိမ်းစ်ကင်မရွန်း(Avatar 2)၊ ဘတ်ဇ်လာမန်(Elvis)၊ စတီဗင်စပီးဘတ်ခ် (The Fablemans) တို့ အဆိုပြုခံထားရသည်။

အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုအတွက်မူ ဂျာမနီမှ All Quiet on the Western Front၊ တောင်ကိုရီးယားမှ Decision to Leave၊ အိန္ဒိယမှ RRR ဇာတ်ကားအပါအဝင် ဆန်ခါတင်ဇာတ်ကား ငါးကား ရွေးချယ်ထားသည်။

အကောင်းဆုံးမူရင်းသီချင်းဆုလျာထားသည့်အထဲ Top Gun အတွက် လေဒီဂါဂါဆိုထားသည့် Hold My Hand၊ Black Panther 2 အတွက် ရီဟားနားဆိုထားသည့် Life Me Up တို့ပါဝင်ပြီး RRR ဇာတ်ဝင်တေးသီချင်း Naatu Naatu လည်း ပါဝင်ထားသည်။

အကောင်းဆုံးဒရာမာရုပ်သံဇာတ်လမ်းတွဲဆုကိုမူ The Crown၊ House of the Dragon၊ Severance တို့ကို ဆန်ခါတင်ရွေးထားသည်။

ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံနယ်ပယ်မှ အကောင်းဆုံးဇာတ်ကား၊ သရုပ်ဆောင်များကို ဂုဏ်ပြုသည့် ရွှေကမ္ဘာလုံးဆုပေးပွဲသည် အော်စကာဆုပေးပွဲပြီးလျှင် အမြင့်ဆုံးဆုပေးပွဲဖြစ်ပြီး လာမည့်ပွဲကို NBC အပြင် Peacock ရုပ်သံမှလည်း တိုက်ရိုက်ပြသမည်။

Most Read

Most Recent