Backstreet Boys အဆိုတော် နစ်ကာတာ ၂၀၀၁ ခုနှစ်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်မှုသံသယဖြင့် တရားစွဲဆိုခံရ

Backstreet Boys အဆိုတော် နစ်ကာတာ ၂၀၀၁ ခုနှစ်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်မှုသံသယဖြင့် တရားစွဲဆိုခံရ
Photo: Instagram
Photo: Instagram
Published 9 December 2022

ဦးနှောက်အကြောသေရောဂါခံစားနေရသော အမျိုးသမီးတစ်ဦးက သူဆယ်ကျော်သက်အရွယ်တွင် Backstreet Boys အဆိုတော် နစ်ကာတာ၏ မုဒိမ်းကျင့်မှုကိုခံခဲ့ရသည်ဟု စွပ်စွဲ၍ အမေရိကန်တွင် နစ်ကို ဒီဇင်ဘာ ၈ ရက်က တရားစွဲဆိုခဲ့သည်။

လက်ရှိတွင် အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှန်နွန်ရုသ်က နစ်သည် ၂၀၀၁ ခုနှစ်က ဖျော်ဖြေပွဲတစ်ပွဲပြီးနောက် ဖျော်ဖြေ ပွဲလှည့်လှည်သွားရောက်သည့် ဘတ်စ်ကားပေါ်တွင် ၎င်းအား မုဒိမ်းကျင့်ခဲ့သည်ဟု ပြောကြားခဲ့သည်။

၀ါရှင်တန်မြို့တော် တာကိုမာတွင် Backstreet Boys ဖျော်ဖြေပွဲကျင်းပပြီးနောက် ထိုအချိန်က အသက် ၁၇ နှစ်အရွယ်သာရှိ သေးသည့် ရုသ်သည် အဆိုတော်ထံမှ လက်မှတ်ရရှိရန် တန်းစီစောင့်ဆိုင်းနေချိန်တွင် ကာတာက ၎င်းအား ဘတ်စ်ကားပေါ်သို့ ဖိတ်ခေါ်ခဲ့သည်ဟု ရှေ့နေမာ့ခ်ဘော့စ်ကိုဗစ်က ပြောကြားခဲ့သည်။

“ကာတာက ရုသ်ကို VIP ဖျော်ရည်လို့ ခေါ်တဲ့ အရသာရှိတဲ့ သောက်စရာအရည်တစ်မျိုးကို ပေးခဲ့ပါတယ်”ဟု ဘော့စ်ကိုဗစ်က ဆိုသည်။

ထို့နောက် ကာတာသည် ရုသ်အားဘတ်စ်ကားရေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဒူးထောက်စေကာ လိင်ပိုင်းဆိုင်ရာအပြုအမူ များကို ပြုလုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကာတာသည် ရုန်းကန်ငိုကြွေးနေသော ရုသ်အား ဘတ်စ်ကားနောက်ဘက်ခြမ်းရှိ အိပ်ရာပေါ်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု ရှေ့နေက ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခဲ့ပြီးနောက်  ကာတာက ရုသ်အား အနာတရဖြစ်စေရန်ပြုလုပ်ခဲ့ပြီး အော်ဟစ်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မဟာ ဦးနှောက်အကြောသေနေတဲ့လူဖြစ်ပေမဲ့လည်း နစ်ကာတာ ကျွန်မအပေါ် လုပ်သွားခဲ့တာထက် ဘဝမှာနာကျင်စ ရာကောင်းတာ မရှိပါဘူး”ဟု ရုသ်က ပြောကြားခဲ့သည်။

တရားစွဲဆိုမှုတွင် အဆိုတော်နစ်ကာတာထံမှ ပမာဏအတိအကျမသိရသော် နစ်နာကြေးတောင်းဆိုထားသည်ဟု သိရသည်။

Most Read

Most Recent