ခင်ပွန်းဟောင်း ဂျွန်နီဒပ် အနိုင်ရလိုက်သည့် အသရေဖျက်မှုစီရင်ချက်ကို အမ်ဘာဟတ် အယူခံဝင်

ခင်ပွန်းဟောင်း ဂျွန်နီဒပ် အနိုင်ရလိုက်သည့် အသရေဖျက်မှုစီရင်ချက်ကို အမ်ဘာဟတ် အယူခံဝင်
Published 6 December 2022

ခင်ပွန်းဟောင်း ဂျွန်နီဒပ်နှင့် ရင်ဆိုင်ခဲ့သည့် အသရေဖျက်မှုစီရင်ချက်ရလဒ်ကို အမ်ဘာဟတ်၏ ရှေ့နေများက အယူခံဝင်ထားသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာက ၀ါရှင်တန်ပို့စ်သတင်းစာအတွက် ပေးပို့ခဲ့သည့် ဆောင်းပါးတစ်ခုနှင့်ပတ်သက်ပြီး Pirates of the Caribbean မင်းသား ဂျွန်နီဒပ်က ဇနီးဟောင်းရုပ်ရှင်မင်းသမီး အမ်ဘာဟတ်ကို အသရေဖျက်မှုဖြင့် နစ်နာကြေးဒေါ်လာသန်း ၅၀ တောင်းကာ တရားစွဲခဲ့သည်။ သို့သော်ဆောင်းပါးထဲတွင် အမ်ဘာဟတ်က အိမ်တွင်းအကြမ်းဖက်ခံရသူအဖြစ်သာ ဖော်ပြထားပြီး ဂျွန်နီဒပ်နာမည်ကို မဖော်ပြခဲ့ဟုဆိုကာ တန်ပြန်တရားစွဲလိုက်ပြီး နစ်နာကြေးဒေါ်လာသန်း ၁၀၀ တောင်းခဲ့သည်။

ထိုအမှုကို ဗာဂျီးနီးယားရုံးတော်က ဇွန်လ ၁ ရက်တွင် အပြီးသတ်စီရင်ချက်ချရာ အမ်ဘာဟတ်ကို အသရေဖျက်သူအဖြစ် ဆုံးဖြတ်ပြီး ဒပ်ကို အနိုင်ပေးကာ နစ်နာကြေးအမေရိကန်ဒေါ်လာ ၁၅ သန်းရမည့် အမ်ဘာဟတ်က ဒပ်ကို စွဲထားသည့် စွဲချက်သုံးခုတွင် တစ်ခုနိုင်သည့်အတွက် နစ်နာကြေးဒေါ်လာ နှစ်သန်းရမည်ဟု စီရင်ချက်ချခဲ့သည်။

ယခုအမ်ဘာဟတ်နှင့်ရှေ့နေအဖွဲ့က ထိုစီရင်ချက်ကို ပြန်ပြောင်းပေးရန် သို့မဟုတ် စစ်ဆေးကြားနာမှုအသစ် ပြုလုပ်ပေးရန် တင်ပြတောင်းဆိုထားသည်။ ရုံးတော်သို့ တင်ပြလာသည့် စာထဲတွင် အမ်ဘာဟတ်၏ ရှေ့နေများက စီရင်ချက်ကို မပြောင်းပါက အမျိုးသားများ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ထုတ်ပြောလိုသည့်အခြားအမျိုးသမီးများအတွက် ကြောက်စရာကောင်းသည့် အကျိုးဆက်ဖြစ်လာလိမ့်မည်ဟု သတိပေးထားသည်။

ဒပ်နှင့် အမ်ဘာဟတ်သည် ၂၀၀၉ ခုနှစ်က The Rum Diary ဇာတ်ကားရိုက်ရင်း သိကျွမ်းခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ကာ ၂၀၁၇ ခုနှစ်တွင် ကွာရှင်းခဲ့သည်။

ဇနီးဟောင်းက စွဲထားသည့် အိမ်တွင်းအကြမ်းဖက်မှုစွဲချက်များ၏ ဂယက်အဖြစ် ဒပ်သည် Pirates of the Caribbean ဇာတ်ကား၏ ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ကောင်နေရာမှ ဖယ်ရှားခံခဲ့ရသည်။

စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် ယူကရိန်းစစ်ပွဲအရေးထက် ဂျွန်နီဒပ်တို့အမှုကို ပို၍စိတ်ဝင်စားကြောင်း တွေ့ခဲ့ရပြီး ဇွန် ၁ ရက် အပြီးသတ်ကြားနာမှုကို ရုပ်သံများက ပြသသည့်အပြင် ဆိုရှယ်မီဒီယာတွင် ကြည့်ရှုသူ ဘီလျံနှင့်ချီရှိခဲ့သည်။

Most Read

Most Recent