ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ဒူးဒဏ်ရာကြောင့်  (၃)လခန့် အနားယူရမည်ဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်မီကတည်းက ဒဏ်ရာရှိနေခဲ့ဟု သတင်းထွက်

ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ဒူးဒဏ်ရာကြောင့်  (၃)လခန့် အနားယူရမည်ဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်မီကတည်းက ဒဏ်ရာရှိနေခဲ့ဟု သတင်းထွက်
Photo : EPA
Photo : EPA
Published 5 December 2022

ဘရာဇီးလ်အသင်းမှ အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးသည် ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်ကစားနိုင်တော့မည်မဟုတ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ပြီးနောက် ဒဏ်ရာအခြေအနေမှာ (၃)လခန့် အနားယူရဖွယ်ရှိကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းက ဒဏ်ရာရှိနေခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်လာခဲ့သည်။

ဂျေးဇူး(၂၅ နှစ်)သည် ၂၀၁၆ ခုနှစ်တွင် လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရပြီး နောက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းအတွက် ပွဲစဉ်(၅)ပွဲစလုံး၌ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း တစ်ဂိုးမျှ မသွင်းယူနိုင်ခဲ့ပေ။

သို့သော် နည်းပြ ထိထီက ၎င်းကို နောက်ပိုင်းပြိုင်ပွဲများတွင်လည်း ယုံကြည်စွာဖြင့် ဆက်လက်ရွေးချယ်ခဲ့ပြီး ယခု ၂၀၂၂ ကမ္ဘာ့ဖလားတွင်လည်း ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့သော် ကင်မရွန်းကို ရှုံးနိမ့်ခဲ့သည့် အုပ်စုနောက်ဆုံးပွဲမှသာ ပထမကစားသမားအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ယင်းပွဲတွင်ပင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဂျေးဇူးသည် ယင်းပွဲတွင် (၆၄)မိနစ်၌ လူစားလဲခံခဲ့ရပြီး စနေနေ့နံနက်ပိုင်း၌ ဆေးစစ်မှုပြုလုပ်ခဲ့ရာ ယခုပြိုင်ပွဲကာလအတွင်း ပြန်ကောင်းနိုင်တော့မည်မဟုတ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိခဲ့သည့်ကစားသမားမှာ ဂျေးဇူးတစ်ဦးတည်း မဟုတ်ဘဲ ဘရာဇီးလ်နောက်ခံလူ တဲလက်စ်မှာလည်း ဂျေဇူးနည်းတူ ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်သွားခဲ့ရသည်။

ဘရာဇီးလ်အသင်း၏ ကြေညာချက်တွင် "တဲလက်စ်နဲ့ ဂျေးဇူးတို့ရဲ့ ညာဘက်ဒူးဒဏ်ရာတွေကို အသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာ ဦးဆောင်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု ပါရှိခဲ့သည်။ ယင်းသတင်းထွက်ပေါ်လာပြီးနောက် ဘရာဇီးလ်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူးက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ ဂျေးဇူးအားလန်ဒန် သို့ ချက်ချင်းပြန်ခေါ်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ ထို့ပြင် ယင်းအခြေအနေ၌ အတည်မပြုနိုင်သေးသော သတင်းများက ဂျေးဇူး၏ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် (၃)လခန့် အနားယူရဖွယ်ရှိကြောင်း၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြမှုများရှိလာခဲ့သည်။ ထိုမျှသာမက ဂျေးဇူးသည် ကမ္ဘာ့ဖလားမတိုင်မီကတည်းက ဒဏ်ရာရှိနေခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် ကစားပေးခဲ့ခြင်းကြောင့် ယခုလို ဆိုးရွားသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းအချို့က ဖော်ပြခဲ့သည်။ အဆိုပါသတင်းများကိုမူ ဘရာဇီးလ်နည်းပြ ထိထီက ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး မိမိတို့သည် ကျင့်ဝတ်နှင့် အညီပြုမူကြောင်း၊ ယင်းအခြေအနေမျိုး ဘယ်တုန်းကမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျေးဇူးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မိသားစုနှင့်အတူ ဘရာဇီးလ်သို့ ပြန်သွားခဲ့သော်လည်း လာမည့်ရက်ပိုင်းအတွင်းတွင် လန်ဒန်သို့ပြန်၍ အာဆင်နယ်အသင်းတွင် ကုသမှုခံယူသွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent