မန်စီးတီးနှင့်ပွဲတွင် ချန်လှပ်ခံရသဖြင့် စတာလင်၏ ဖြေရှင်းချက်တောင်းခံမှုနှင့်ပတ်သက်၍ အားလုံးအတွက် နေရာမရှိကြောင်းနှင့် အချို့မှာ ထွက်ခွာရမည်ဖြစ်ကြောင်း မာရက်စကာ တုံ့ပြန်

မန်စီးတီးနှင့်ပွဲတွင် ချန်လှပ်ခံရသဖြင့် စတာလင်၏ ဖြေရှင်းချက်တောင်းခံမှုနှင့်ပတ်သက်၍ အားလုံးအတွက် နေရာမရှိကြောင်းနှင့် အချို့မှာ ထွက်ခွာရမည်ဖြစ်ကြောင်း မာရက်စကာ တုံ့ပြန်
Photo: X
Photo: X
Published 19 August 2024

ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ရာဟင်းစတာလင်က မန်စီးတီးအသင်း နှင့် ရာသီအဖွင့်ပွဲတွင် ချန်လှပ်ခံရသဖြင့် ဖြေရှင်းချက်တောင်းခံမှုနှင့်ပတ်သက်၍ အားလုံးအတွက် နေရာမရှိကြောင်းနှင့် အချို့မှာ ထွက်ခွာရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ မာရက်စကာက တုံ့ပြန်ပြောကြားသည်။

စတာလင် (၂၉ နှစ်) သည် ချယ်လ်ဆီးအသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ပွဲထွက်ကစားသမားအဖြစ် နှစ်ပွဲနှင့် လူစားဝင်အဖြစ် လေးပွဲကစားခွင့်ရခဲ့ပြီး အသင်းဟောင်း မန်စီးတီးနှင့်ပွဲ၌ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

သို့သော် သြဂုတ် ၁၈ ရက်က ယှဉ်ပြိုင်ကစားသည့် ရာသီအဖွင့်ပွဲစဉ်တွင် မာရက်စကာက စတာလင်ကို လူစာရင်းမှာပင် ထည့်သွင်းရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်။

ထို့ကြောင့် စတာလင်၏ ကိုယ်စားလှယ်အဖွဲ့က အနာဂတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာသိလိုကြောင်း ပွဲမတိုင်မီမှာပင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့ရာ နာမည်ကြီး ဘောလုံးသုံးသပ်သူများ၏ ဝေဖန်မှုများခံခဲ့ရသည်။

အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်၍ မာရက်စတာက ''ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီထုတ်ပြန်ချက်ကို ကျွန်တော်မတွေ့ပါဘူး။ ကျွန်တော့်မှာ ပြောစရာမရှိပါဘူး။ ဒါက နည်းစနစ်ပိုင်းဆုံးဖြတ်ချက်ဖြစ်ပြီး ဒီထက်မပိုပါဘူး။ နောက်ရက်ကျရင် လိုအပ်တာတွေကို ကျွန်တော်တို့ ဖြေရှင်းပေးမှာပါ။ ဒါက နည်းစနစ်ပိုင်းဆုံးဖြတ်ချက်ဆိုတာ ကျွန်တော့်ဘက်က သေချာပါတယ်။ ကစားသမားအားလုံးကို ပြောချင်တာက သူတို့ဟာ ချယ်လ်ဆီးကစားသမားတွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့ဟာ ချယ်လ်ဆီးကစားသမားတွေ ဖြစ်တယ်ဆိုရင် ကျွန်တော်တို့က အားလုံးကို အသုံးပြုဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ နည်းစနစ်ပိုင်းဆုံးဖြတ်ချက်ထက်တော့ မပိုပါဘူး။ ရာဟင်းစတာလင်ကို ကျွန်တော်လိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာရှိတဲ့ ကစားသမား ၃၀ စလုံးကို လိုချင်တာပါ။ ဒါပေမဲ့ သူတို့အားလုံးအတွက် နေရာမရှိပါဘူး။ အဲဒါကြောင့် တချို့ကတော့ ထွက်ခွာရမှာပါ'' ဟု တုံ့ပြန်ပြောကြားသည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် ကစားသမားသစ်ကိုးဦးကို ပေါင် ၁၆၅ သန်းနီးပါး အသုံးပြု၍ ခေါ်ယူထားပြီး လူစာရင်းတွင် ကစားသမား ၄၂ ဦးအထိရှိနေသဖြင့် ပြိုင်ဘက်အသင်း ပရိသတ်များနှင့် မီဒီယာများ၏ လှောင်ပြောင်မှုခံနေရကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းတွင် ဂိုးသမားနေရာအတွက် ခြောက်ဦး၊ နောက်ခံလူနေရာအတွက် ၁၂ ဦး၊ ကွင်းလယ်နေရာအတွက် ၁၃ ဦး၊ တိုက်စစ်နေရာအတွက် ၁၁ ဦးအထိ ရှိနေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် သြဂုတ် ၃၁ ရက်မတိုင်မီ ကစားသမား ၂၅ ဦးစာရင်း မှတ်ပုံတင်ရမည်ဖြစ်သည်။

အဆိုပါ ၂၅ ဦးအနက် အကယ်ဒမီကစားသမား(Homegrown) အနည်းဆုံးရှစ်ဦး ပါဝင်ရမည်ဖြစ်ပြီး လူငယ်ကစားသမားများကိုမူ ယူ-၂၁ အဖြစ် မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နွေရာသီအပြောင်းအရွှေ့ကာလကို ဇွန် ၁၄ ရက်မှ သြဂုတ် ၃၀ ရက်အထိ ဖွင့်လှစ်ထားသည်။

Most Read

Most Recent