ယူကရိန်းအစိုးရက ဓာတ်အားပြန်လည်ပေးဝေနိုင်ရန်ကြိုးပမ်းနေစဉ် ခါဆန်မြို့၌ ရုရှား၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် အရပ်သား ၁၅ ဦး သေဆုံး

ယူကရိန်းအစိုးရက ဓာတ်အားပြန်လည်ပေးဝေနိုင်ရန်ကြိုးပမ်းနေစဉ် ခါဆန်မြို့၌ ရုရှား၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် အရပ်သား ၁၅ ဦး သေဆုံး
ခါဆန်မြို့စွန်၌ တည်ရှိသော ပြိုကျပျက်စီးနေသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် ယူကရိန်းစစ်သားနှစ်ဦးအား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (Photo – AFP)
ခါဆန်မြို့စွန်၌ တည်ရှိသော ပြိုကျပျက်စီးနေသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် ယူကရိန်းစစ်သားနှစ်ဦးအား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (Photo – AFP)
Published 26 November 2022
Ref : AFP 

နိုဝင်ဘာ ၂၅ ရက်က ယူကရိန်းတောင် ပိုင်း ခါဆန်မြို့အား ရုရှားက လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများ၏ အဆိုအရ သိရပြီး နိုင်ငံတစ်ဝန်းရှိ အဓိကမြို့ကြီးများတွင် လည်း ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အပူပေးစနစ်များ ပြန်လည်ပေးဝေနိုင်ရန် အင်ဂျင်နီယာများက အပူတပြင်း လုပ်ဆောင်နေရသည်။

ဆောင်းရာသီ နီးကပ်လာပြီး အပူချိန်သည် ရေခဲမှတ်နီးပါးသို့ ရောက်လာချိန်တွင် မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အကြီးအကျယ် ထိခိုက် ပျက်စီးစေခဲ့သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနှင့် လူအစုလိုက်အပြုံလိုက် စွန့်ခွာထွက်ပြေးမှုများ ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ရုရှားက လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နှစ်ရက်ကြာသည်အထိ ယူကရိန်းရှိ အိမ်ထောင်စုပေါင်း ခြောက်သန်းကျော်သည် ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြား ခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် Ukrenergo ကမူ ဓာတ်အားဖြန့်ဖြူးရေး ကွန်ရက်စနစ်၏ ၃၀ ရာခိုင်နှုန်း ပြတ်တောက်နေဆဲဖြစ်ကြောင်းနှင့် ဓာတ်အားပြန်လည် ပေးဝေနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင် များက ၂၄ နာရီပတ်လုံး ကြိုးပမ်းလျက်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ထပ်ဆောင်း နျူကလီးယားစွမ်းအင်ကြောင့် ယခုသီတင်းပတ်ကုန်တွင် ဓာတ်အားဖြန့်ဖြူးမှု တိုးမြှင့်နိုင် ဖွယ်ရှိကြောင်း ၎င်းကုမ္ပဏီက ဆိုသည်။

မကြာသေးမီကမှ ယူကရိန်းတပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းယူနိုင်ခဲ့သည့် နိုင်ငံအရှေ့ တောင်ပိုင်းမှ အဓိကမြို့ဖြစ်သော ခါဆန်မြို့ တိုက်ခိုက်ခံရခြင်းသည် လတ်တလောတွင် ရုရှားက လက်နက်ကြီးဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။

“ရန်သူက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်”ဟု ခါဆန်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂါလီနာ လူဂိုဗာက ပြောကြားခဲ့ပြီး လူနေအိမ်များနှင့် အထပ်မြင့်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ၎င်းက ဆို သည်။

“ကျူးကျော်သူ ရုရှားတွေဟာ လူနေဧရိယာတစ်ခုကို အတွဲလိုက်ဒုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အကြီးစား အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်” ဟု ခါဆန်မြို့ စစ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ယာရော့ဆလက်ဗ် ယာနူရှိုဗစ်က ပြောကြားသည်။

ရုရှားက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ခါဆန်မြို့ ဆေးရုံမှ လူနာများနှင့် စိတ်ရောဂါကု အဆောင်မှ လူနာများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကာ ခါဆန်မြို့ကောင်စီကလည်း အရပ်သားများကို အခြားဒေသများသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။ ယူကရိန်းဘက်က အညံ့ခံလာစေရန် ဖိအားပေးသည့် လတ်တလော လုပ်ဆောင်မှုအဖြစ် ရုရှားသည် ယူကရိန်း ဓာတ်အားပေးရုံများနှင့် အခြားအရေးကြီး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။