ပူတာအိုတွင် ကျောက်ကြမ်းပိုး(ဂျပိုး)များ ယခင်နှစ်ထက် စျေးကောင်းရကာ ရှာဖွေသူများပြား

ပူတာအိုတွင် ကျောက်ကြမ်းပိုး(ဂျပိုး)များ ယခင်နှစ်ထက် စျေးကောင်းရကာ ရှာဖွေသူများပြား
Published 2 November 2022

ကချင်ပြည်နယ်၊ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ဂျပိုး)များ စျေးကောင်းရကာ ရှာဖွေသူများနေကြောင်းသတင်းရရှိသည်။

လွန်ခဲ့သည့်နှစ်က နို့ဆီတစ်ဗူးလျှင် ကျပ်ငါးထောင်မှ ကျပ်ခုနှစ်ထောင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်တွင် နို့ဆီတစ်ဗူး ကျပ်တစ်သောင်းမှ တစ်သောင်းငါးထောင်အထိ ပေါက်စျေးရှိနေကြောင်းကျောက်ဂျပိုး ရှာသူများ ဆိုပါသည်။

မူလာရှီးဒီးကျေးရွားမှ ကျောက်ကြမ်းပိုး ရှာဖွေခဲ့နေသူ ဦးဗန်ရမ်ဆိုင်း'' သုံးပါတ်လောက် ရှာရင် တစ်ပိဿာရတယ်။တစ်သိန်းခြောက်သောင်း ဝန်းကျင်ပေးတယ်။အခုက စျေးကောင်းရတော့ အိမ်တိုင်းရှာကြတယ်။ အချို့ချောင်းဖျားတက်ပြီး ဂျပိုးအထွက် မစောင့်တော့ဘူး။ ကျောက်ခဲပြင်ကို ရေစုက်စက်နှင့် ရေပက်ပြီး ရှာနေကြရတယ်။သူကပိုရတာ မြန်တယ်။ ကျောက်ဂျပိုးက တနှစ်ပြီးတစ်နှစ် ရတာ နည်းလာပြီ။အများကြီးဖမ်းလိုက်ကြပြီ''ဟု ဆိုသည်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့်အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊တစ်ပိဿာလျှင်ကျပ်ငွေတစ်သိန်း သုံးသောင်းဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခုဖြစ်နေကြောင်း ဒေသခံများက ဆိုပါသည်။

ပူတာအိုမြို့ခံ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ  ဦးခွန်းကျော် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ဝယ်ယူပြီးနောက် စျေးကောင်းရလာခြင်းဖြစ်ကြောင်း၊ယခင်ကာလများတွင် နို့ဆီတစ်ဗူး ကျပ်ငွေ ငါးရာခန့်သာ ရှိကြောင်း ဆိုသည်။

ယင်းက''ဒေသခံတွေ အရှင်ကို ငရုပ်သီးထောင်းစားကြတယ်။စူးရှရှနှင့် ထမင်းစား မြိန်တယ်ပေါ့။အခုတော့ ဒေသခံတွေမစားနိုင်တော့ဘူး။ တရုတ်ဘက်ကို သယ်နေကြပြီ''ဟု ဆိုသည်။

ကျောက်ဂျပိုးကို အောက်တိုဘာ လဆန်းမှ နိုဝင်ဘာလအထိ အများဆုံးတွေ့ရလေ့ရှိပြီးဇန်နဝါရီလ နောက်ပိုင်းတွင် ပျောက်ကွယ်သွားကြောင်း သိရသည်။

ပူတာအို တိုင်းခန္တီး မှတ်တမ်းများအရ ကျောက်ကြမ်းပိုး ငါးမျိုးရှိပြီး  ဝါးမြစ်နှင့်လည်းကောင်း၊ ဟင်းချိုဟင်များတွင်လည်း ခတ်စားကြသည် ။ကပ်ပါး၊သံကောင်စသည့် ဝမ်းတွင်း အညစ်အကြေးများကို စင်ကြယ်စေသည်ဟု ယုံကြည်ကြသည်။ ယနေ့အခြေအနေတွင် ကျောက်ကြမ်းပိုး ငါးမျိုးအနက် နှစ်မျိုးသာ အများစုတွေ့ရကြောင်း ၊အေးလွန်းသည့် ဆောင်းရာသီးတွင်ဆောင်းခိုရန်အတွက် မြေနိမ့်လွင်ပြင်သို့ ဆင်းလာပြီး ကျောက်တုံး၊သစ်တုံး၊ဝါးသစ်ခေါင်း၊သစ်ရွက်များအောက်ဖက်နှင့် ကျောက်တောင်လှိုဏ်ဂူများတွင် ခိုအောင်းကြကြောင်းတိုင်းခန္တီးမှတ်တမ်းများ ပြုစုနေသူ မန်ပန်ဆရာတော်က ဆိုသည်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့်လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊မြစ်ချောင်းအနီးတဝိုက် ကျောက်ခုံများကို ရွှေကျင်ခြင်း၊

 တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်းများအတွေ့ရနည်းလာရကြောင်း သိရသည်။ကျောက်ကြမ်းပိုးကို ဟူကောင်းတောင်ကြားရှိ တောင်ကျချောင်းများတွင်လည်းကောင်း၊ ချင်းတွင်မြစ်ဖျား ဒေသအချို့တွင်လည်းကောင်း တွေ့ရကြောင်း မှတ်တမ်းများက ဆိုပါသည်။

 

ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent