တစ်ကျော့ပြန် Yangon Water Bus

တစ်ကျော့ပြန် Yangon Water Bus
Published 9 October 2022
​​​​​​​ဆန်းမိုးထွန်း

၂၀၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ Yangon Water Bus ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

Yangon Water Bus ကို အကောင်အထည်ဖော်ရခြင်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက်ဟု ထိုအချိန်က တာဝန်ရှိသူများက ဆိုသည်။

ဖွင့်ပွဲလုပ်ပြီးနောက် အောက်တိုဘာ ၇ ရက်တွင် Yangon Water Bus ၏ ပထမအဆင့်အနေဖြင့် ရေယာဉ်ငါးစင်းနှင့် အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြေးဆွဲခဲ့သည်။ 

“ကျွန်မတို့ ဆက်ပြီးတော့ တိုးချဲ့ဖို့ ရှိပါ တယ်။ ဒီရေကြောင်းပေါ်မှာ တိုးချဲ့ဖို့ ရှိပါ တယ်။ အခုလောလောဆယ်မှာ ကျွန်မတို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ညွှန် ကြားထားတဲ့အတိုင်း ဒီ Phase-1 အနေနဲ့ ဖွင့် လှစ်တာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဒုတိယအနေနဲ့ ညောင်တန်း-မြောက်ဒဂုံမြစ်ကို စပြီး Jetty တွေ ဆောက်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။  Star City သန်လျင်ဘက်ကိုလည်း Phase-3 အနေနဲ့ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်” ဟု Yangon Water Bus ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ထိုအချိန်က ပြောကြားသည်။

Yangon Water Bus ရေယာဉ်တစ်စင်း တွင် ခရီးသည် ၁၄၀ မှ ၂၃၀ အထိ ဆံ့ပြီးအမြန် ယာဉ်နှင့် ရိုးရိုးယာဉ်ဟူ၍ နှစ်မျိုး ခွဲခြားထား သည်။ အမြန်ရေယာဉ်မှာ ပြည်ပမှ မှာယူထား ခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်မှာ ပြည်တွင်း၌ တည်ဆောက်ထားသော ရေယာဉ်များ ဖြစ် သည်။ Yangon Water Bus စတင်ပြေးဆွဲရာ တွင် နေ့ စဉ် နံနက် ၇ နာရီမှ စတင် ပြေးဆွဲ ခြင်းဖြစ်ပြီး တစ်နေ့လျှင် ခေါက်ရေ ၁၂ ခေါက် ခန့် ပြေးဆွဲခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် ခရီးသည် ၁၂၀ ဆံ့ ပြည်တွင်းထုတ် ရေယာဉ် ခုနစ်စင်းနှင့် သြစ တြေးလျနိုင်ငံမှ ဝယ်ယူထားသည့် ခရီးသည် ၂၀၀ ဆံ့ ရေယာဉ်တစ်စင်း စုစုပေါင်း ရှစ် စင်းဖြင့် ပြေးဆွဲခဲ့သည်။

■ ကောလာဟလသတင်းများနှင့် Yangon Water Bus

Yangon Water Bus စတင်လုပ်ဆောင် ပြီး နှစ်နှစ်နီးပါးကြာချိန်တွင် Yangon Water Bus အား နိုင်ငံတော်ငွေကြေးဖြင့် လည်ပတ် နေသည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Yangon Water Bus အနေဖြင့် နိုင်ငံတော် ပိုက်ဆံကို အသုံးပြုထား ခြင်းမရှိဘဲ ကုမ္ပဏီပိုက်ဆံဖြင့်သာ လည်ပတ် နေခြင်းဖြစ်ကြောင်း Yangon Water Bus က ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်တွင် ထုတ်ပြန် ခဲ့သည်။ 

ထုတ်ပြန်ချက်တွင် ့ Yangon Water Bus ၏ ယခင် ပြည်တွင်းထုတ် ရေယာဉ်များကို ရပ်နားပြီး မလေးရှားနိုင်ငံထုတ် ရေယာဉ် ရှစ်စင်း၊ ယခင် သြစတြေးလျနိုင်ငံထုတ် ရေ ယာဉ် သုံးစင်းဖြင့် လာမည့် ပွင့်လင်းရာသီ တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ယခင်ပြေးဆွဲသော ပြည်တွင်းထုတ် ရေယာဉ်များကို ရပ်နားထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံထုတ် ရေယာဉ်များ တင်သွင်း ခြင်းကို မူဝါဒအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် မကြာမီ ရောက်ရှိလာမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ပြင်ဆိပ်ခံများ အရည်အသွေးအရ ပြုပြင်ရန် လိုအပ်သဖြင့် ဆိပ်ကမ်းသုံးခုအား ရပ်နားပြီး ပိုင်များ ပြန်လည်ပြုလုပ်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ ရေယာဉ် အသုံးပြု နေသည့် ဒီဇယ်ဆီကိစ္စများသည် ရုံးလုပ်ငန်း စဉ်အတိုင်း Auditing လုပ်နေသဖြင့် သတ်မှတ်ရက်အတိုင်း ငွေကြေး မလျော်မကန်ပြုသူ ဝန်ထမ်းများကို အရေးယူပြီး လုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိုးတွင်းကာလဖြစ်သဖြင့် အချို့နေဝင်ချိန်အထိ ခရီးစဉ်များ ခေတ္တရပ်နားထား ခြင်းဖြစ်ကြောင်း၊ Yangon Water Bus အနေဖြင့် နိုင်ငံတော်ပိုက်ဆံကို တစ်ပြားတစ်ချပ်မျှ အသုံးပြုထားခြင်းမရှိဘဲ မိမိကုမ္ပဏီမှ ကိုယ် ပိုင်ငွေကြေးဖြင့်သာ လည်ပတ်နေခြင်းဖြစ် ကြောင်းနှင့် နိုင်ငံတော်အား မိမိတတ်ကျွမ်း သော ရေကြောင်းပညာဖြင့် အထောက်အကူ ပြုနေခြင်းဖြစ်ကြောင်း Yangon Water Bus က ထုတ်ပြန်ခဲ့သည်။

■  တစ်နှစ်နီးပါးကြာ ရပ်နားလိုက်သည့် Yangon Water Bus

Yangon Water Bus ပြေးဆွဲလျက်ရှိ သည့် လမ်းကြောင်းများကို ၂၀၁၉ ခုနှစ် စက် တင်ဘာ ၂၇ ရက် မှစ၍  တစ်လရပ်နားမည်ဖြစ် ကြောင်း Yangon Water Bus ၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဆိပ်ကမ်းများ၏ မိုးရာသီ၌ ပျက်စီးမှုများကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ်များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ်ခွင့် ရရှိရန်၊ သံလျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေးချေစနစ်သစ် အတွက် စက်များတပ်ဆင်ရန် စသည်တို့ ကြောင့် ့ညေါသည ျွှအေနမ ကြျ ပြေးဆွဲခြင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ၂၇ ရက်မှစ၍ အောက်တိုဘာ ၃၀ ရက်အထိ ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း ပါရှိသည်။

“ကျွန်တော်တို့ သင်္ဘောအသစ်တွေ မှာထားတာလည်း ရှိတယ်။ သင်္ဘောအသစ် တွေ ရောက်ရင် အဲဒါတွေ အစားထိုးပြေးဆွဲ မယ်။ လက်ရှိမှာ ပုဇွန်တောင်ချောင်းထဲကို ၁၁ နေရာမှာ ဆိပ်ခံတံတားနေရာ လျှောက် ထားဖို့ ရှိတယ်။ အဲဒါကိုလည်း ဆောက်လုပ်ရေးလုပ်ပြီးတော့ ဆက်ဆွဲမယ်။ နိုင်ငံခြားက သင်္ဘောတွေ အဆင်သင့်ရောက်တာနဲ့ ဆက် ဆွဲမယ်။ အခုလက်ရှိ ရပ်တာကတော့ သင်္ဘောတွေက နှစ်နှစ်လောက်ရှိပြီး အသေး စားပြင်ဆင်မှုနဲ့ တောက်လျှောက်ပြေးဆွဲနေ တာဆိုတော့ အကြီးစားပြင်ဆင်မှုလုပ်စရာက လည်း လိုလာပြီ။ နှစ်နှစ်လောက်ဆိုတော့ ခရီးသည်တွေ လုံခြုံရေးအတွက် စိတ်ချရ အောင် ပြင် ဆင်ရမယ်။ အဲဒီပြင်ဆင်မှုအတွက် ယာယီ  တစ်လလောက် ရပ်နားမယ်။ ရပ်နား ပြီးရင်တော့ ခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်ဆွဲ ပေးမယ်”ဟု ထိုအချိန်က Yangon Water Bus ၏ Operation Manager ကိုငွေဖြိုးပိုင်က ပြောကြားသည်။

Yangon Water Bus က တစ်လရပ်နား မည်ဟု ကြေညာခဲ့သော်လည်း ၂၀၂၀ ပြည့် နှစ် သြဂုတ် ၁ ရက်ရောက်မှသာ ပြန်လည်ပြေး ဆွဲနိုင်သည့်အတွက် တစ်နှစ်နီးပါး ရပ်နား ခဲ့ရသည်။

“ပထမတစ်နှစ်မှာ အစ်မတို့ ရှုံးတယ်။ ဒုတိယ တစ်နှစ်မှာ ပရိုစီဂျာအတိုင်း ဆက် သွားရမှာတွေ ရှိတယ်။ ဆက်သွားရမှာက ငမိုးရိပ်ချောင်းကို ဖွင့်ရမယ်။ သန်လျင်ကို ဖွင့်ရမယ်။ အစ်မတို့လိုချင်တဲ့ ဆိပ်ကမ်းတွေ ကို အချိန်နဲ့တစ်ပြေးညီရဖို့ လိုတယ်။ လိုအပ် ချက်အရ ဆိပ်ကမ်း အခု ၂၀ ကျော် ဖွင့်ကိုဖွင့် ရမယ်။ ပထမဦးစားပေးအနေနဲ့ မြို့ရဲ့စီမံ ထားတဲ့အတိုင်း ဒါတွေအားလုံးကို ဖွင့်လိုက် တယ်။ နောက်ဆက်တွဲလုပ်ဖို့ကို အခက်အခဲ ရှိတယ်။ အစ်မတို့ အသုံးပြုခဲ့တဲ့ Management Team က အားနည်းချက်တွေ လိုအပ် ချက်တွေရှိခဲ့တယ်။ အဲဒါကိုလုံးဝပြောင်းလိုက်ပြီ။ နောက်တစ်ခုက ဆိပ်ကမ်းတွေ မရတဲ့  အတွက် အချိန်မီ မတည်ဆောက်နိုင်ခဲ့ဘူး။ နောက်တစ်ချက်က အစ်မတို့ရရှိတဲ့ စီမံကိန်း ချေးငွေကို ၁၀၀ ရာခိုင်နှုန်းမရဘဲနဲ့ အပိုင်း (၁) မှာတင် ရပ်သွားတယ်။ အပိုင်း (၁) မှာ ရပ်သွားတဲ့အတွက် ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ရတဲ့အခါ အရမ်း နှေးသွားတယ်”ဟု  Tint Tint Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ထိုအချိန်က ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ရုန်းကန် ခဲ့ရကြောင်း၊ Management Team  ၏ စီမံ ခန့်ခွဲမှုအမှားကြောင့် ဂုဏ်သိက္ခာပိုင်း ထိခိုက်ရသည့်အပိုင်းများလည်းရှိကြောင်း၊ ထို့ ကြောင့် ရပ်သင့်သည်များကို ရပ်ဆိုင်းခဲ့ပြီး အရေးယူသင့်သည်များကို အရေးယူကာ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားခဲ့ကြောင်း၊ ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားရာ၌ စင်ကာပူ နိုင်ငံတွင် သင်္ဘောဆောက်လုပ်သည့်လုပ်ငန်း  ကို လုပ်ကိုင်သည့်  SAM ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်း ဒေါ်တင့်တင့်လွင်က ဆိုသည်။

“အစ်မတို့ ကျွန်းလုပ်ငန်းစက တည်းက သူတို့နဲ့က ကျွန်းမှာဆွဲတဲ့ သင်္ဘောတွေကို အော်ဒါမှာပြီး အတူတူအလုပ်လုပ်နေကျ မိတ်ဆွေတွေ။ သူတို့နဲ့ အစကတည်းက  Water Bus မှာ ပါတနာအဖြစ် ပူးပေါင်းလုပ် ကိုင်ဖို့ရှိတယ်။ ရင်းနှီးမြှုပ်နှံမှု ပါတနာ မဟုတ်ဘဲနဲ့ ဒီပရောဂျက်က Yangon Water Bus အနေနဲ့ သွား တယ်။ ဒါပေမဲ့ သူတို့ရဲ့ နည်း ပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ အလူမီနီယံ သင်္ဘောတွေနဲ့ ပြေးဆွဲတာကို လုပ်တယ်။ ဒီ တစ်ခေါက် Management ကိစ္စတွေ ပြီးသွား တဲ့အချိန်မှာ ဆွေးနွေးတာတွေ ပြန်လုပ် တယ်။ ဆွေးနွေးပြီးတော့ စီမံခန့်ခွဲမှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်ပြီးနောက် စျေးနှုန်းကို မပြောင်းလဲဘဲ နည်းပညာတွေ သင်္ဘောကို ပြောင်းလဲလိုက်တယ်။ အခုတပ်လိုက်တဲ့ အင်ဂျင်တွေ၊  စက်ပိုင်းဆိုင်ရာလုံခြုံမှုတွေက ဘာဖြစ်သွားလဲဆိုတော့ သင်္ဘောသားဦးရေ နည်းနည်းနဲ့ ပြေးဆွဲလို့ရတယ်။ အင်ဂျင်စက် ခန်းကို ဆင်းနှိုးတာတို့မဟုတ်တော့ဘဲ အော်တိုစနစ်နဲ့ သွားလို့ရတဲ့စနစ်ကို သွားလိုက်တယ်”ဟု ဒေါ်တင့်တင့်လွင်က ပြောကြား သည်။

ယခုပြေးဆွဲနေသည့် သင်္ဘောများသည် ယခင်ပြေးဆွဲသည့် သင်္ဘောများထက် ဆီစား နှုန်း ထက်ဝက်သက်သာသည့်အတွက် အရှုံးခံပြေးဆွဲရန် မလိုအပ်ဘဲ နာရီတိုင်းတွင် အမြတ်ရရှိနိုင်သည့် အခြေအနေမျိုး ဖန်တီးပြီး စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့် တင့်လွင်က ဆိုသည်။

ထိုအချိန်က Yangon Water Bus  ပြေးဆွဲလျက်ရှိသည့် လမ်းကြောင်းများမှာ ဗိုလ်တထောင်-သမ္မတ၊ ပန်းဆိုးတန်းဆိပ်ကမ်း-အ့ံကြီး၊ ဗိုလ်တတောင်-အင်းစိန်၊ တွံတေး ဘုရားဖူးလမ်းကြောင်း၊ ကျောက်တန်းရေ လယ်ဘုရားဖူးလမ်းကြောင်း၊ ညနေပိုင်း အပျော်စီး Sunset ကြည့်ရှုလမ်းကြောင်းတို့ကို ရေယာဉ် ၁၁ စင်းဖြင့် ပြေးဆွဲခဲ့သည်။

■ တစ်ကျော့ပြန် Yangon Water Bus

ကိုဗစ်ကာလနောက်ပိုင်း နှစ်နှစ်ကျော် ကြာရပ်နားထားသည့် Yangon Water Bus ကို အောက်တိုဘာ ၆ ရက်မှ စတင်၍ ပြန် လည်ပြေးဆွဲခဲ့သည်။

Yangon Water Bus ဖွင့်ပွဲကို အောက်တိုဘာ ၆ ရက်က လမ်းသစ်လမ်းဆိပ်ကမ်း၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းမှ နေ့စဉ်သွား လာနေသော ခရီးသည်များ အပါအဝင် လူ ဦးရေ ၅၀၀ ခန့်ကို ရေယာဉ်အခမဲ့စီးနင်းခွင့် ပြုခဲ့သည်။

Yangon Water Bus ပြန်လည်ပြေးဆွဲ ရာတွင် ဗိုလ်တထောင်မှ အင်းစိန်အထိ ပြေး ဆွဲသော ပုံစံမျိုးမဟုတ်ဘဲ လူစီးများသည့် နေရာမှ ပတ်၍ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yangon Water Bus ၏  Founder CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

ပထမဆုံးအနေဖြင့် ဝန်ထမ်းအများဆုံး ရှိသည့် ဆာဇာချောင်မှ လမ်းသစ်၊ လမ်းသစ်မှ တစ်ဆင့် ဆိပ်ကြီးခင်နောင်တိုဘက်ကို ဆက်လက်တိုးချဲ့ပြေးဆွဲရန် စဉ်းစားထားကြောင်း ၎င်းက ဆိုသည်။

နောက်ပိုင်းတွင် ဗိုလ်တထောင်ဘက်သို့ တိုးချဲ့ပြေးဆွဲရန် လျာထားသည့်အပြင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မှ နေရာငါးနေရာ ခန့်ကိုလည်း ထပ်မံပြေးဆွဲရန် စီစဉ်ထား ကြောင်း ဒေါ်တင့်တင့်လွင်က ရှင်းလင်း ပြော ကြားသည်။

Yangon Water Bus ပြန်လည်ပြေး ဆွဲရာတွင် ကျောင်းသားများနှင့် ဝန်ထမ်းများ အတွက် ရည် ရွယ်ထားပြီး ကျောင်းသားများအ တွက် နံနက် ၆ နာရီခွဲမှစတင်၍ ပြေးဆွဲမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအတွက် ည ၉ နာရီခွဲနောက်ပိုင်းအထိ ပြေးဆွဲပေးမည် ဖြစ် ကြောင်း သိရသည်။

Yangon Water Bus ကို ပြန်လည်ပြေး ဆွဲရာတွင် လတ်တလော ရေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ရေ ယာဉ်ပြေးဆွဲမှုကို ခေတ္တရပ်နားမည်ဖြစ်ကာ ညနေ ၄ နာရီခွဲခန့်တွင် ပြန်လည်ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ကို ပြန်လည်ပြေး ဆွဲရာတွင် ညနေပိုင်း၌ Sunset ကြည့်ရှုသည့် ခရီးစဉ်နှင့် အပတ်စဉ် စနေ၊ တနင်္ဂနွေတွင် တွံတေးခရီးစဉ်များကိုလည်း ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် K pay , CB pay , AYA pay , A plus pay , UAB pay စသည့် တစ်မျိုးမျိုး သုံးစွဲသူများအနေဖြင့် မိမိကိုင်ဆောင်သည့် ဖုန်းမှ Application ကို ပြသ၍  sunset ticket တစ်ကြိမ်စာကို လက်ဆောင်ရယူနိုင်မည်ဖြစ် ကြောင်း ့ Yangon Water Bus ကထုတ်ပြန် ထားသည်။

Yangon Water Bus ယာဉ်စီးခနှုန်း ထားကို ၅၀၀ ကျပ် သတ်မှတ်ထားပြီး ငွေပေး ချေခြင်းအတွက် K Pay? CB Pay? WAVE Pay တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Sunset ခရီးစဉ်တွင် လူကြီးတစ်ဦးလျှင် ယာဉ်စီးခ ၅၀၀၀ ကျပ် နှင့် ကလေးတစ်ဦးလျှင် ယာဉ်စီးခ ၂၀၀၀ ကျပ် ဖြစ်ကာ တွံတေးခရီးစဉ် တွင် လူတစ်ဦး ယာဉ်စီးခ ၂၅, ၀၀၀ ကျပ် သတ်မှတ်ထားကြောင်း ့ Yangon Water Bus က ကြေညာထားသည်။

တွံတေးခရီးစဉ်ကို ရန်ကုန် လမ်းသစ် လမ်းဆိပ်ကမ်းမှ နံနက် ၇ နာရီတွင် ရေယာဉ် ထွက်ခွာမည်ဖြစ်ပြီး တစ်နာရီခန့်အကြာ၌ တွံတေးမြို့သို့ ဆိုက်ရောက်ချိန်တွင် ရွှေဆံ တော်ဘုရား၊ ပေါင်းတော်ချုပ်ဘုရား၊ အိုးလုပ် ငန်း၊ ရက်ကန်းလုပ်ငန်းများသို့ သွားရောက် လည်ပတ်မည့် နေ့ချင်းပြန်ခရီးစဉ်လည်း ဖြစ် သည်။

ယခင်က Yangon Water Bus ကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲ မည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ Yangon Water Bus ငါးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၆ ရက် သို့ ပြောင်းလဲပြေးဆွဲခဲ့ခြင်းလည်း ဖြစ်သည်။

ကိုဗစ်ကာလနောက်ပိုင်းတွင် နှစ်နှစ်နီးပါး ရပ်နားခဲ့ရသော်လည်း လက်ရှိတွင် Yangon Water Bus မှာ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည်။ Yangon Water Bus အနေဖြင့် ခရီးသည်များအပေါ် မည်ကဲ့သို့သော ဝန် ဆောင်မှုမျိုးများဖြင့် ပြန်လည်ဆွဲဆောင်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

Most Read

Most Recent