ယူကရိန်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် 2023 Eurovision ဥရောပသီချင်းဆိုပြိုင်ပွဲကြီးကို လီဗာပူးမြို့က ကိုယ်စားကျင်းပပေးမည်

ယူကရိန်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် 2023 Eurovision ဥရောပသီချင်းဆိုပြိုင်ပွဲကြီးကို လီဗာပူးမြို့က ကိုယ်စားကျင်းပပေးမည်
Photo: RTE
Photo: RTE
Published 9 October 2022

ဥရောပ၏ အကြီးကျယ်ဆုံးသီချင်းဆိုပြိုင်ပွဲကြီးဖြစ်သည့် Eurovision ကို လာမည့်  ၂၀၂၃ ခုနှစ်၊ မေတွင် အင်္ဂလန်၊ လီဗာပူးမြို့၌   ကျင်းပသွားမည်ဖြစ်သည်။ ထုံးစံအရ ၂၀၂၂ ခုနှစ်တွင် Winner နိုင်ငံဖြစ်သည့် ယူကရိန်းက ၂၀၂၃ ခုနှစ်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည်ဖြစ်သော်လည်း လက်ရှိရုရှားနှင့်စစ်မက်ဖြစ်ပွားနေမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

မေ ၁၃ ရက်တွင် လီဗာပူးမြို့၌ ကျင်းပမည်ဟု ဘီဘီစီမှ Eurovision ပြိုင်ပွဲအစီအစဉ် တင်ဆက်သူ ဂရေဟမ်နော်တန်က ရုပ်သံ တွင်ကြေညာသွားပြီး ဆန်ကာတင် လီဗာပူးမြို့နှင့် ဂလက်စ်ဂိုးမြို့အနက် လီဗာပူးက အရွေးခံလိုက်ရခြင်းဖြစ်သည်။

အီတလီတွင်ကျင်းပသည့် ၂၀၂၂ ခုနှစ်  ပြိုင်ပွဲတွင် ယူကရိန်းကိုယ်စားပြုအဖွဲ့က ပထမရပြီး ဗြိတိန်ကိုယ်စားပြု ဆမ်ရိုင်ဒါက ဒုတိယရခဲ့သည်။ ယူကရိန်းတွင် မကျင်းပနိုင်သည့်အတွက် အိမ်ရှင်အဖြစ်ကျင်းပခွင့်ကို ဗြိတိန်က လွှဲယူလိုက်သကဲ့သို့ ပွဲထုတ်လွှင့်ပြသခွင့်ကိုလည်း ဘီဘီစီက ရထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ကန့်ကွက်ဆန့်ကျင်သော်လည်း Eurovision ကိုစီစဉ်ကျင်းပသည့် ဥရောပ ရုပ်သံသမဂ္ဂ (EBU) က ယူကရိန်းသည် ပြိုင် ပွဲဖြစ်မြောက်ရေးတွင်ပါဝင်မည့် လူပေါင်းတစ်သောင်းကျော်နှင့် ပြိုင်ပွဲကိုလာရောက် အားပေးနိုင်ဖွယ်ရှိသည့် ပရိသတ်သုံးသောင်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံမှုပေးနိုင်မည်မဟုတ်ဟု ဇွန်တွင်ကြေညာခဲ့သည်။

ဘီဘီစီ၏အတည်ပြုချက်အရ ဆီမီးဖိုင်နယ်ပွဲကို လီဗာပူးတွင် မေ ၉ ရက်နှင့် ၁၁ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးဗိုလ် လုပွဲက မေ ၁၃ ရက်တွင် ပြုလုပ်မည်။

ယူကရိန်းအစိုးရက အစပိုင်းတွင် ၎င်းတို့နိုင်ငံ ကျင်းပခွင့်ရရေးအတွက် ကြိုးစားမည်ဟု ကြွေးကြော်ခဲ့သော်လည်း နောက်ပိုင်းတွင် ဗြိတိန်က လွှဲယူကျင်းပမှုကို သဘောတူလိုက်သည်။

ဗြိတိန်သည် Eurovision ပြိုင်ပွဲကို ရှစ် ကြိမ်တိုင် ကျင်းပခွင့်ရခဲ့ပြီး လေးကြိမ်က အခြားနိုင်ငံများကိုယ်စား ကျင်းပခွင့်လွှဲယူခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့် အချိန်မှာ ၁၉၉၈ ခုနှစ်ကဖြစ်သည်။ EBU အဆိုအရ ၂၀၂၂ ပြိုင်ပွဲကို ရုပ်သံနှင့် အွန် လိုင်းတွင် ကြည့်ရှုသူ သန်း ၁၈၀ ကျော်ရှိခဲ့သည်။

Most Read

Most Recent