နိုင်ငံ၏တောင်ပိုင်းဒေသများတွင် ယူကရိန်းတပ်ဖွဲ့များ အသာစီးရနေဟု ယူကရိန်းသမ္မတဇယ်လန်စကီး ပြောကြား

နိုင်ငံ၏တောင်ပိုင်းဒေသများတွင် ယူကရိန်းတပ်ဖွဲ့များ အသာစီးရနေဟု ယူကရိန်းသမ္မတဇယ်လန်စကီး ပြောကြား
စက်တင်ဘာ ၃၀ ရက်က ကိယက်ဗ်မြို့တော်တွင်ပြုလုပ်သည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ် (Photo : AFP)
စက်တင်ဘာ ၃၀ ရက်က ကိယက်ဗ်မြို့တော်တွင်ပြုလုပ်သည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ် (Photo : AFP)
Published 5 October 2022
Ref : AFP

ယူကရိန်းတောင်ပိုင်းဒေသများတွင် ယူကရိန်းတပ်ဖွဲ့များသည် လျင်မြန်ပြီး အင်အားကြီးသည့် အသာစီးရယူမှုများရှိနေကာ ယခုသီတင်းပတ်အတွင်း ရုရှားတို့ထိန်းချုပ်ထားသည့် ဒါဇင်နှင့်ချီသည့် ကျေးရွာများကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ယူကရိန်းစစ်တပ်ဟာ နိုင်ငံတောင်ပိုင်းမှာ လျင်မြန်ပြီး အင်အားကြီးစွာ အသာစီးရယူနေပါတယ်”ဟု ဇယ်လန်စကီးက ၎င်း၏ နေ့စဉ်ပြောကြားသည့်မိန့်ခွန်းကို လူမှုမီဒီယာတွင်တင်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဒါဇင်နှင့်ချီသည့် နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားက ၎င်းနယ်မြေအဖြစ် သွတ်သွင်းကြောင်းကြေညာခဲ့သည့် ခါဆန်၊ လူဟန့်နှင့် ဒိုးနက်ဒေသများ၏ နယ်မြေအချို့ကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ယူကရိန်းနယ်မြေများဖြစ်သည့် ဒိုးနက်၊ လူဟန့်၊ ခါဆန်နှင့် ဇာပိုရီရှားဒေသများတွင် ရုရှားပိုင်နယ်မြေများအဖြစ် သတ်မှတ်ရန် ဆန္ဒခံယူပွဲများပြုလုပ်ခဲ့မှုကိုလည်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ဝေဖန်ရှုတ်ချခဲ့သည်။

သို့သော်လည်း ရုရှား၏မဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယားကမူ ယူကရိန်း၏ဒေသလေးခုကို ရုရှားပြည်ထောင်စုနှင့်ပူးပေါင်းမှုကို ကာကွယ်ပြောကြားခဲ့သည်။

အဆိုပါလူထုဆန္ဒခံယူ ပွဲများမှာ အပြည့်အဝ တရားဝင်သော ဆန္ဒခံယူပွဲများဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ပြီး  ပြည်သူများ သာတူညီမျှရှိရေးဆိုသောမူများ အတိုင်းချမှတ်ထားသည့် ကုလသမဂ္ဂပဋိညာဉ်အတိုင်းကျင်းပခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဂျိုချိုဆူးက ပြောကြားခဲ့သည်။

ယင်းသို့ယူကရိန်းပိုင် နယ်မြေများကို ရုရှားပြည်ထောင်စုအတွင်းထည့်သွင်းခြင်းအား လုံခြုံရေးကောင်စီ၌ ရှုတ်ချရန် အမေရိကန်ဦးဆောင်သော ကြိုးပမ်းမှုကို စက်တင်ဘာ ၃၀ တွင် ရုရှားက ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။ တရုတ်နှင့် အိန္ဒိယတို့ ကြားနေခဲ့ခြင်းနှင့်အတူ ဗီတိုကို ထောက်ခံသည့် နိုင်ငံမရှိခဲ့ပေ။

အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်သော နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စော်ကားနေသည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဂျိုက ပြောကြားခဲ့သည်။

ယူကရိန်း၏ လျင်မြန်သည့် တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရသည့် နိုင်ငံတောင်ပိုင်း ခါဆန်ဒေသမှ နယ်မြေရှစ်ခုကို ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့်မြေပုံများအရ ဒီနီပါမြစ် အနောက်ဘက်ကမ်းအပါအဝင် ခါဆန်ဒေသ၏ နယ်မြေအများအပြားမှ ရုရှားစစ်သားများ ဆုတ်ခွာခဲ့ရမှုကို ပြသခဲ့သည်။

အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသတွင်လည်း ရုရှားတပ်ဖွဲကများသည် ၎င်းတို့ ခြေကုပ်ယူခဲ့သည့် အော့စ်ကီလ်မြစ်အရှေ့ဘက်ကမ်း တစ်ခုလုံးနီးပါးကို စွန့်ခွာခဲ့ကြောင်း မြေပုံများတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့စစ်သားတွေဟာ ရပ်တန့် မနေပါဘူး။ ကျွန်တော်တို့နယ်မြေတွေအားလုံးကနေ ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ဖို့ အချိန်အနည်းငယ်သာ လိုပါတော့တယ်”ဟု ဇယ်လန်စကီးက ၎င်း၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent