ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းနယ်မြေလေးခုကို ရုရှားပိုင်အဖြစ် သွတ်သွင်းသည့် ဥပဒေတစ်ရပ်ကို အောက်တိုဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်ဟု အစိုးရမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
ဒိုးနက်၊ လူဟန့်၊ ခါဆန်နှင့် ဇာပိုရီရှား ဒေသလေးခုကို ရုရှားပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရုရှားပြည်ထောင်စုအတွင်း လက်ခံခဲ့သည်ဟု ယင်းမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ပူတင်သည် ယင်းဒေသလေးခုတွင် ရုရှားက ကျောထောက်နောက်ခံပေးထားသည့် ယာယီခေါင်းဆောင်များကို တရားဝင်ခေါင်းဆောင်များအဖြစ် ခန့်အပ်သည့် ဥပဒေများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
အစောပိုင်းကတည်းက ယူကရိန်းဒေသများကို ရုရှားပိုင်အဖြစ် သွတ်သွင်းသည့်ဥပဒေကို ရုရှားအထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က တညီတညွတ်တည်းထောက်ခံခဲ့ကြသည်။
ယူကရိန်းနှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများ၏ ဝေဖန်ရှုတ်ချမှုများရှိခဲ့သည့်တိုင် ပူတင်သည် စက်တင်ဘာ ၃၀ ရက်က ယင်းဒေသလေးခုကို ရုရှားပိုင်နယ်မြေများ ဖြစ်လာစေရန် ဒေသခေါင်းဆောင်လေးဦး ခန့်အပ်ခဲ့မှုနှင့်အတူ သဘောတူညီချက်များကို လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ကရင်မလင်နန်းတော်တွင် ပြုလုပ်ခဲ့သည်။
ယင်းဒေသလေးခုသည် ၂၀၁၄ ခုနှစ်က ရုရှား၏သိမ်းပိုက်မှုကိုခံခဲ့ရသည့် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားအကြား အရေးကြီးသည့် မြေပြင်စင်္ကြံလမ်းတစ်ခုအဖြစ် ဖန်တီးပေးရာရောက်ခဲ့သည်။
ခရိုင်းမီးယားအပါအဝင် ယင်းဒေသငါးခုသည် ယူကရိန်းနယ်မြေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ရုရှားတပ်ဖွဲ့များသည် ခါဆန်နှင့် ဇာပိုရီရှား ဒေသတို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရုရှားအစိုးရကလည်း ယင်းဒေသများ၏ မည်သည့်နယ်မြေများကို ရုရှားပိုင်အဖြစ် သွတ်သွင်းခဲ့သည်ဆိုသည့် အချက်ကို အတည်မပြုသေးပေ။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကမူ ရုရှား၏ ယူကရိန်းနယ်မြေများအားသွတ်သွင်းကြောင်းကြေညာချက်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဟု အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။
ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ယူကရိန်း၏ လူ့အခွင့်အရေးကို လေ့လာစောင့်ကြည့်ရသည့် ကျွမ်းကျင်သူ ခရစ္စတီယန် ဆလာဇာဗော့ခ်မန်းက လူမှုဘဝ၊ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ ကျယ်ပြန့်စွာချိုးဖောက်ခံနေရကြောင်း ဖော်ပြခဲ့သည်။
ကုလလူ့အခွင့်အရေးရုံး၏ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးမစ်ရှင်သည် ယူကရိန်းတွင် ၂၀၁၄ ခုနှစ်ကတည်းက လူ့အခွင့်အရေးအခြေအနေများကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အရပ်သား ၆၁၁၄ ဦးသေဆုံးခဲ့သည်ဟု စာရင်းပြုစုခဲ့ပြီး အမှန်တကယ်သေဆုံးသူဦးရေသည် တရားဝင်ကောက်ယူနိုင်သည့်အရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ဗော့ခ်မန်းက ပြောကြားခဲ့သည်။














