အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ်နိုင်ငံများအကြား မိတ်ဖက်ပူးပေါင်းမှုဆိုင်ရာ ပထမအဆင့် ကြေညာချက်မူကြမ်းကို မိမိတို့အနေဖြင့် ကန့်ကွက်ခဲ့ကြောင်း ဆော်လမွန်ကျွန်းစုနိုင်ငံက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ပြီး ၎င်းကြေညာချက်တွင် တရုတ်ကို သွယ်ဝိုက်ရည်ညွှန်းသည့် အချက်အချို့ ပါဝင်သည့်အတွက် စိတ်မသက်မသာဖြစ်မိခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်က ၀ါရှင်တန်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါပူးတွဲကြေညာချက်အပေါ် ဆော်လမွန်ကျွန်းစုအနေဖြင့် စိတ်မသက်မသာဖြစ်နေပုံရသည့် အခြေအနေနှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံသိုု့ရောက်ရှိနေသည့် ဆော်လမွန်ကျွန်းစု၏ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မိုင်ယာမန်နလီအား သတင်းထောက်များက မေးခွန်းထုတ်ခဲ့သည်။
“ကနဦး မူကြမ်းကြေညာချက်မှာ ကျွန်တော်တို့အတွက် စိတ်မသက်မသာဖြစ်စရာ ရည်ညွှန်းချက်အချို့ ပါဝင်နေပါတယ်” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းသည် မိမိတို့က ဘက်ရွေးရမည့်အနေအထားတစ်ခုသို့ ရောက်ရှိစေပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့အခြေအနေမျိုးကို မလိုလားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အဆိုပါရည်ညွှန်းချက်များသည် တရုတ်ကို ရည်ရွယ်ခြင်းရှိမရှိ မေးမြန်းရာတွင် ၎င်းက သွယ်ဝိုက်ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
၀ါရှင်တန်တွင် အမေရိကန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံ ၁၄ နိုင်ငံအကြား အစည်းအဝေးတစ်ရပ် ကျင်းပခဲ့စဉ်က ဆွေးနွေးညှိနှိုင်းမှုများအတွင်း နောက်ဆုံး၌ သဘောထားပိုင်းအရ အခြေခံတူညီမှုရရှိခဲ့သည့်အတွက် ဆော်လမွန်ကျွန်းစုအနေဖြင့် အပြီးသတ်ကြေညာချက်တွင် လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း မန်နလီက ဆိုသည်။
အမေရိကန် ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ်တွင် အောင်ပွဲရခဲ့ပြီးနောက်ပိုင်း တောင်ပစိဖိတ်ဒေသ၏ အရေးပါသောနိုင်ငံဖြစ်လာခဲ့သည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်း တရုတ်သည် ရင်းနှီးမြှုပ်နှံမှု၊ ရဲတပ်ဖွဲ့ဝင်များအပေါ် လေ့ကျင့်သင်ကြားပေးမှုအပြင် ဆော်လမွန်ကျွန်းစုနှင့် အငြင်းပွားဖွယ် လုံခြုံရေးသဘောတူညီချက်ချုပ်ဆိုမှုအပါအဝင် သြဇာဖြန့်ကြက်မှုများကို အခိုင်အမာ လုပ်ဆောင်လာခဲ့သည်။
ပစိဖိတ်ဒေသ၌ တရုတ်၏သြဇာကြီးထွားလာမှုကို တန်ပြန်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ဒေါ်လာသန်း ၈၁၀ ရှိ ငွေကြေးထောက်ပံ့မှု အကူအညီသစ်များ ပေးအပ်သွားမည်ဟု ကြေညာခဲ့ပြီး အမေရိကန်နှင့် ပစိဖိတ်နိုင်ငံများအကြား ပိုမိုနီးကပ်သော မိတ်ဖက်ဆက်ဆံရေးထူထောင်ရန် ကတိပြုသည့် ပူးတွဲကြေညာချက်တစ်စောင်တွင် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။
ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် မန်နာဆာဆိုဂါဗဲကမူ ၎င်း၏စိုးရိမ်မှုများကို အပြုသဘောဆန်ဆန် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၀ါရှင်တန်၌ ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး မန်နလီကလည်း အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးကို ပစိဖိတ်ဒေသက ကြိုဆိုကြောင်း ဝယ်လင်တန်မြို့၌ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နနိုင်ယာမဟူတာနှင့် တွေ့ဆုံပြီးနောက်တွင် ပြောကြားခဲ့သည်။
ယခုနှစ်ဧပြီလထဲတွင် တရုတ်နှင့်လက်မှတ်ရေးထိုးခဲ့သည့် လုံခြုံရေးသဘောတူညီချက်ကြောင့် ဆော်လမွန်ကျွန်းစု၌ တရုတ်၏စစ်အခြေစိုက်စခန်း ထားရှိခြင်းကို ဦးတည်စေမည်မဟုတ်ကြောင်း ဆော်လမွန်အစိုးရ၏ သဘောထားကို ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။ ထိုသဘောတူညီချက်တွင် စစ်အခြေစိုက်စခန်း ဖွင့်လှစ်ရေးအတွက် ကြိုတင်သတ်မှတ်ချက်မပါဝင်ဘဲ ပစိဖိတ်ဒေသနှင့် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုများကို ကြိုဆိုကြောင်း ၎င်းက ဆိုသည်။














