ပူတင်၏ ယူကရိန်းအပေါ် နျူကလီးယားခြိမ်းခြောက်မှု

ပူတင်၏ ယူကရိန်းအပေါ် နျူကလီးယားခြိမ်းခြောက်မှု
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ အော်ရင်ဘတ်မြို့အနီးရှိ ဒွန်ဂူးသေနတ်ပစ်ကွင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က Center-၂၀၁၉ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေစဉ် မှန်ဘီလူးကိုင်ဆောင်ထားပုံ (Photo: AP)
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ အော်ရင်ဘတ်မြို့အနီးရှိ ဒွန်ဂူးသေနတ်ပစ်ကွင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က Center-၂၀၁၉ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေစဉ် မှန်ဘီလူးကိုင်ဆောင်ထားပုံ (Photo: AP)
Published 30 September 2022
နရီမင်း

ရုရှားက ၎င်းတို့ပိုင်နက်အတွင်း သွတ်သွင်းတော့မည့် ၎င်းတို့ သိမ်းယူထားသော ဒေသများအား ယူကရိန်း၏ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းမှုကို တားဆီးရေးအတွက် နျူကလီးယားလက်နက်များ အသုံးပြုရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က  သတိပေးထားပြီး ဖြစ်သည်။

အနောက်အုပ်စုက ယင်းကို ခြိမ်းခြောက်ရေးနည်းဗျူဟာအဖြစ်သာ သဘောထားလျက် ပယ်ချထားသော်လည်း ယူကရိန်းတွင် နျူကလီးယားလက်နက်များ အသုံးပြုလိုက်သည့်တိုင် အမေရိကန်နှင့် ၎င်း၏ နေတိုးမဟာမိတ်များက ရုရှားကို တိုက်ခိုက်ဝံ့မည်မဟုတ်ဟု ပူတင်၏ ထိပ်တန်းအရာရှိတစ်ဦးက ရဲရဲရင့်ရင့် ပြောကြားခဲ့သည်။

 

ယူကရိန်းအပေါ် ကျရောက်နေသည့် နျူကလီးယား ခြိမ်းခြောက်မှုအပေါ် လေ့လာကြည့်ကြပါစို့။

à ခြိမ်းခြောက်မှုများ ပြုလုပ်ရန် မည်သည့် အရာများက ပူတင်ကို တွန်းအားပေးသနည်း။

ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်များ ယခုလအတွင်း အရှေ့မြောက် ပိုင်း ခါကိဗ်ဒေသမှ လျင်မြန်စွာ ဆုတ်ခွာခဲ့ရပြီး စစ်ပွဲအဖွင့် ရက်သတ္တပတ်များနောက်ပိုင်း မော်စကိုအား အရှက်ရမှုအဖြစ်စေဆုံးရှုံးနိမ့်မှုကို ပေးအပ်ခဲ့သည်။

ထို့နောက် ကရင်မလင်သည် သိမ်းပိုက်ထားသည့် ဒေသများတွင် ရုရှား၏ အုပ်ချုပ်မှု အောက်သို့ ဝင်ပါလိုသလားဟု မေးမြန်းသော “ဆန္ဒခံယူပွဲများ”ကို အရှိန်မြှင့်ခဲ့သည်။ ယင်းတို့ကို မစတင်မီကပင် ယူကရိန်းနှင့် အနောက်နိုင်ငံများက တရားမဝင်ဟုလည်းကောင်း၊ ရုရှားသည် ၎င်းတို့ အလိုရှိသည့် ရလဒ်ကို ကြိုတင်တွက်ချက်ကာ မဲမသမာမှုများ ပြုလုပ်လိမ့်မည်ဟုလည်းကောင်း ရှုတ်ချခဲ့သည်။ 

မော်စကိုက အဆိုပါဒေသများကို ပေါင်းစည်းပြီးသည့်နောက်၌ ၎င်းတို့အား ယူကရိန်း၏ တိုက်ခိုက်မှုကို ရန်လိုသည့် လုပ်ရပ်အဖြစ် ရှုမြင်ကာ သင့်လျော်သလို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ပူတင်သည် လူသစ်အနည်းဆုံး ၃၀၀,၀၀၀ ခေါ်ယူရန် ရည်မှန်းပြီး စစ်ပွဲအတွက် အရန်တပ်ဖွဲ့ဝင်များကို စည်းရုံးခြင်းဖြင့် စစ်အင်အားကို ထပ်မံတိုးမြှင့်ခဲ့သည်။ သို့သော် နိုင်ငံကို မတည်မငြိမ်ဖြစ်စေရေး ခြိမ်းခြောက်မှုများဖြစ်သည့် ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်းတို့နှင့်အတူ  သောင်းနှင့်ချီသော လူများရုရှားနိုင်ငံမှ ထွက်ပြေးခြင်းက  အဆိုပါ ကြိုးပမ်းမှုမှာ လူကြိုက်မများကြောင်း သက်သေပြနေသည်။

သို့သော် ယင်းကဲ့သို့ စည်းရုံးလှုံ့ဆော်ခြင်းက စစ်တပ်အတွက် အမြန်အသားကျမှုကို မပေးနိုင်ပါ။ သမားရိုးကျ ရွေးချယ်စရာများ ကုန်ခန်းသွားသည့်အခါ ပူတင်သည် ၎င်း၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှုကို ခြိမ်းခြောက်နိုင်သည့် ရှုံးနိမ့်မှုကို ရှောင်ရှားရန် စိတ်အပြောင်းအလဲမြန်ဆန်လွန်းပုံရလာပြီး နျူက လီယားလက်နက်များကို ရေနစ်နေသူလို လှမ်းဆွဲရန် ကြိုးပမ်းလာသည်။

ပူတင်သည် သူ့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားလျှော့ချရေး တစ်ရပ်အဖြစ် ၎င်းတို့ကို အသုံးပြုခြင်းအကြောင်း အကြိမ်ကြိမ်ပြောဆိုလာခဲ့သည်။ သူက မော်စကို၏ ရန်သူများအနေဖြင့် ၎င်းတို့၏အပြစ်များကို နောင်တရချိန်ပင် မရလိုက်ဘဲ နျူကလီးယားစစ်ပွဲသည် ကပ်ဆိုးကြီးဖြစ်ကြောင်း သိလိုက်ပြီးသည်နှင့် သေရမည်ဟု ကျောချမ်းဖွယ် ပြောဆိုခဲ့သည်။ “သို့သော် ရုရှားမရှိသော ကမ္ဘာကြီးကို အဘယ်ကြောင့် လိုအပ်နေရသနည်း”။

 

à နျူကလီးယားလက်နက်များနှင့်ပတ်သက်၍ မည်သည့်အချက်များ ရှိသနည်း။

စစ်အေးခေတ်ကတည်းက ရုရှားနှင့် အမေရိကန်တို့သည် နျူကလီးယားတန်းတူ အဆင့်ဖြင့် ကမ္ဘာ့နျူကလီးယားလက်နက်များ၏ ရာခိုင်နှုန်း ၉၀ ခန့်ရှိသည့် ပမာဏကို အတူတကွ ထိန်းသိမ်းထားခဲ့ကြသည်။

မော်စကိုနှင့် ၀ါရှင်တန်တို့အကြား New START လက်နက်လျှော့ချရေးစာချုပ် အတိုင်း ယခုနှစ်အစောပိုင်းတွင် အပြန်အလှန်ဖလှယ်ခဲ့သည့် အချက်အလက်များအရ ရုရှားသည် ၎င်းင်း၏ဗျူဟာမြောက်တပ်ဖွဲ့များအတွက် နျူကလီးယားထိပ်ဖူး ၅,၉၇၇ ခု ရှိပြီး အမေရိကန်က ၅’၄၂၈ ရှိသည်။ ထိပ်ဖူးတစ်ခုစီသည် ဒုတိယကမ္ဘာစစ်အဆုံးသတ်ချိန်တွင် ဂျပန်မြို့ကြီးနှစ်မြို့ကို အမေရိကန်က ချခဲ့သော အဏုမြူဗုံးများထက်များစွာပို၍ အစွမ်းထက်သည်။ (ကမ္ဘာပေါ်တွင် ယင်း နှစ်ကြိမ်သာ အဏုမြူလက်နက်ကို အသုံးပြုခဲ့ဖူးသည်။)

New START သဘောတူညီချက်စာချုပ်တွင်  အမေရိကန်နှင့် ရုရှားတို့၏ နျူက လီးယားထိပ်ဖူးတပ်ထားသော မြေပြင်နှင့် ရေငုပ်သင်္ဘော အခြေပြု တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်များနှင့် နျူကလီးယားလက်နက်တပ် ဗုံးကြဲလေယာဉ်များ ပါဝင်သော မဟာဗျူဟာမြောက် လက်နက်များကို ကန့်သတ်ထားသည်။

ထို့အပြင် မော်စကိုနှင့် ၀ါရှင်တန်တို့၌ “နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ”ဟု လူသိများသည့် ပမာဏများပြားပြီး ထုတ်ဖော်ပြသခြင်းမပြုသည့် လက်နက်များလည်း ရှိသည်။

၎င်းတို့သည် စစ်မြေပြင်တွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည့် ဗျူဟာမြောက် ထိပ်ဖူးများနှင့် နှိုင်းယှဉ်ပါက ထိရောက်မှုနည်းပါးသည်။ ဤနည်းဗျူဟာမြောက် လက်နက်များတွင် ဗုံးများ၊ အမြောက်၌ သုံးသော လက်နက်များ သို့မဟုတ် တာတိုပစ်ဒုံးကျည် ထိပ်ဖူးများ ပါဝင်ပြီး ရှေ့တန်းဟု သတ်မှတ်ထားသော နေရာအစိတ်အပိုင်းတစ်ခုရှိ တပ်များကို ချေမှုန်းရန် ရည်ရွယ်လျက် ဒီဇိုင်းထုတ်ထားသည်။

 

à နည်းဗျူဟာမြောက် နျူကလီးယား လက်နက်ကို အသုံးပြုခြင်းနှင့် ပတ်သက်၍ကား အဘယ်နည်း။

ယူကရိန်းကို နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ခြင်းသည် တူညီသော အတိုင်းအတာတွင် မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးဖြင့် တိုက်ခိုက်ခြင်းကဲ့သို့  ကပ်ဘေးဆိုင်ရာ အကျိုးဆက်များ ရှိမည်မဟုတ်ပေ။

သို့သော် စစ်မြေပြင်တွင် အသုံးပြုသည့် ထိရောက်မှုနည်းသော နျူကလီးယား လက်နက်သည်ပင် အနီးတစ်ဝိုက်၌ လက်ငင်းရှိနေသော တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းအပြင် ကျယ်ပြန့်သော ဧရိယာကို ညစ်ညမ်းစေနိုင်ဆဲဖြစ်ပြီး လူနေထူထပ်သော ယူကရိန်းနှင့် အိမ်နီးချင်းနိုင်ငံများရှိ အရပ်သားအများအပြားကို ဓာတ်ရောင်ခြည်အန္တရာယ်များ ကျရောက်စေနိုင်သည်။ အမှန်တကယ်၌ ရုရှားနှင့် ၎င်း၏မဟာမိတ် ဘီလာရုစ်တို့သည် လေကြောင်းအရ ညစ်ညမ်းမှုအန္တရာယ်ကို အမြင့်ဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။

ထိရောက်မှုနည်းသော နျူကလီးယားလက်နက်တစ်မျိုးတည်းကိုပင် အသုံးပြုခြင်းသည်ပင် ၁၉၄၅ ခုနှစ် သြဂုတ်လနောက်ပိုင်း ပထမဆုံး အဏုမြူလက်နက် အသုံးပြုမှုအဖြစ် မှတ်တမ်းဝင်သွားပြီး ဆိုးရွားသော နိုင်ငံရေးအကျိုးသက်ရောက်မှုကိုလည်း ဖြစ်စေနိုင်သည်။ ယင်းသည် အလျင်အမြန် အရှိန်အဟုန်မြင့်လာစေရန် ဇာတ်စင်ထိုးပေးသကဲ့ သို့ဖြစ်စေပြီး ပြီးပြည့်စုံသည့် နျူကလီးယား ပဋိပက္ခဆီ ဦးတည်သွားနိုင်သည်။

ယူကရိန်းအား နျူကလီယားလက်နက်ဖြင့် တိုက်ခိုက်ခဲ့ပါက ရုရှားအနေဖြင့် ကြီးမားပြီး အမျိုးအမည်မသတ်မှတ်ရသေးသည့် ပေးဆပ်မှုကို ကြုံတွေ့ရလိမ့်မည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က ပူတင်ကို တုံ့ပြန် ပြောကြားခဲ့သည်။

 

à ယင်းသည် အန္တရာယ်ခံတွင်းထဲ တိုးဝင်စွန့်စားရေးမူဝါဒသက်သက်မျှသာလော။

ပူတင်က ၎င်း၏ နျူကလီးယားခြိမ်းခြောက်မှုသည် လှန့်လုံးတစ်ခု မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကိယက်ဗ်သည် ရုရှားနိုင်ငံ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်ပါက ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းတွင် နျူက လီးယားလက်နက်ကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ၎င်း၏ ထိပ်တန်းလက်ထောက်ဖြစ်သူ ဒီမီထရီ မက်ဗီဒက်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မော်စကိုက ယူကရိန်းကို နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်ပါက နေတိုးအနေဖြင့် နောက်သို့ ပြန်ဆုတ်ရလိမ့်မည်ဟု မက်ဗီဒက်က ကြေညာခဲ့သည်။ “အမေရိကန်နဲ့ ဥရောပက လူကြိုက်များအောင် လုပ်နေတဲ့ ခေါင်းဆောင်တွေဟာ နျူကလီးယားကြောင့် ကမ္ဘာပျက်မှုမှာ သေဆုံးရမှာ မဟုတ်ဘူး။ ဒါ ကြောင့် လက်ရှိပဋိပက္ခမှာ ဘယ်လက်နက်မျိုးကိုမဆို သူတို့ ငုံ့ခံနေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မိုက်ကယ် မက်ဖောက နျူ ကလီးယားခြိမ်းခြောက်မှုကို တွဲလောင်းဆွဲ ထားခြင်းဖြင့် “ပူတင်ဟာ လှန့်လုံးထုတ်နေတာ မဟုတ်ဘူး။ သူက ဟန့်တားနေတာ” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

“အနောက်နိုင်ငံတွေက ယူကရိန်းကို ပိုပြီးခေတ်မီတဲ့ လက်နက်တွေ ပေးအပ်နေတာကို တားဆီးဖို့ သူက ကြိုးစားနေတာပါ” ဟု မက်ဖောက ပြောကြားခဲ့သည်။

ကရင်မလင်အား နိုင်ငံခြားရေးမူဝါဒ နှင့်ပတ်သက်၍ အကြံပေးနေသည့် မော်စကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဆာဂေးကာ ရာဂါနော့က ရုရှားအနေဖြင့် “ယူကရိန်းတွင် အရှုံးမခံနိုင်“ကြောင်း ပြောဆိုကာ ”ကျွန်တော် တို့ရဲ့ရန်သူတွေအနေနဲ့က သူတို့ကိုယ်တိုင်နဲ့ ကမ္ဘာတစ်ခုလုံးကို သူတို့ ငရဲတွင်းထဲပို့နေတာဖြစ်ကြောင်း သဘောပေါက်သင့်တယ်”ဟု ပြောကြားခဲ့သည်။

မော်စကိုသည် နေတိုး၏ မဟာမိတ်တစ်နိုင်ငံကို တိုက်ခိုက်ရေးဟူသော အရှိန်အဟုန်မြှင့်သည့် ရွေးချယ်မှုတစ်ရပ်ကိုပင် စဉ်းစားလာနိုင်သည်ဟု ကာရာဂါနော့က အရိပ်အမြွက် ပြောကြားခဲ့သည်။

“ယူကရိန်းကို ထောက်ခံနေတဲ့ ဥရောပနိုင်ငံတွေထဲက တစ်နိုင်ငံကို နျူကလီယား တိုက်ခိုက်မှုတစ်ခု လုပ်ရင် အမေရိကန်က နျူကလီးယားလက်နက်တွေ သုံးမှာမဟုတ် ဘူးဆိုတာ ၉၉ ရာခိုင်နှုန်း သေချာပါတယ်“ ဟု ၎င်းက ပြောကြားခဲ့သည်။ “ရုရှားက နျူကလီးယားတိုက်ခိုက်မှုတစ်ရပ်နဲ့အတူ နျူ ကလီးယားလက်နက်ကို အကန့်အသတ်နဲ့ အသုံးပြုတာကို တုံ့ပြန်ဖို့ဆိုရင် အိမ်ဖြူတော်မှာ အရူးတစ်ယောက် ရှိနေရလိမ့်မယ်။ ဒါမှမဟုတ် အမေရိကန်ကို မုန်းတီးပြီး စတေးခံဖို့ အဆင်သင့်ဖြစ်နေသူတစ်ယောက်၊ ပေါ့ဇနန်အတွက် ဘော်စတွန်ဆိုတာမျိုးပေါ့”ဟု ၎င်းက ဆိုသည်။

အမေရိကန်၏ နျူကလီးယား ရပ်တည်ချက်ကို ပြောင်းလဲစေမည့် ရုရှား၏လှုပ်ရှားမှုများကို တွေ့ရှိရခြင်းမရှိသေးကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ သို့သော် ယင်းကဲ့သို့သော ပြင်ဆင်မှုများကို တွေ့ရှိရရန်မှာ အမေရိကန်ထောက်လှမ်းရေးလေယာဉ် များ၊ ဂြိုဟ်တုများနှင့် ဆိုက်ဘာထောက်လှမ်းရေးများအတွက်ပင် ခက်ခဲနိုင်သည်။

၎င်း၏ နျူကလီးယားလက်နက်ဆိုင်ရာ ကြီးမားသော အစိတ်အပိုင်းအတွက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများကို မှီခိုနေသည့် အမေရိကန်နှင့်မတူဘဲ ရုရှားနျူကလီးယားတပ်ဖွဲ့အများစုတွင် မြေပြင်အခြေစိုက် ဒုံးကျည်များ ပါဝင်သည်။ အချို့ကို ခြေရာခံနိုင်သော မိုဘိုင်းပစ်စင်များတွင် တပ်ဆင်ထားသော်လည်း အများအပြားသည် မြေအောက် ပစ်စင်များတွင် ရှိနေသောကြောင့် ပစ်လွှတ်ရန် ကြိုတင်ပြင်ဆင်နေမှုများကို သိမြင်နိုင်ရန် ပိုမိုခက်ခဲသည်။

ပိုမိုကျစ်လစ်သော စစ်မြေပြင်သုံး နျူကလီးယားလက်နက်များသည် ခြေရာခံရန် ပို၍ခက်ခဲပြီး ၎င်းတို့၏ သေးငယ်သော အရွယ်အစားက ၎င်းင်းတို့အား အသုံးမပြုမီ အချိန်အတန်ကြာအောင် လျှို့ဝှက်စွာ ထားရှိ နိုင်စေသည်။

ပူတင်၏ခြိမ်းခြောက်မှုများကို အလေးအနက်ထားသင့်သည်ဟု ဂျာမနီဝန်ကြီးချုပ် ဟောင်း အင်ဂျလာမာကယ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး “ဒါဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာမဟုတ်ဘူး၊ နိုင်ငံရေးဉာဏ်ပညာရှိမှုရဲ့ လက္ခဏာပါ”ဟု ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent