ဒီဇင်ဘာလထဲအထိ မရှိသုံး ပြည်ထောင်စုဘက်ဂျက်သက်တမ်းတိုးခြင်း အစိတ်အပိုင်းအဖြစ် အမေရိကန်ဆီးနိတ်က ယူကရိန်းအတွက် စီးပွားရေးနှင့်စစ်ရေးအကူအညီသစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကို စက်တင်ဘာ ၂၉ ရက်တွင်အတည်ပြုခဲ့သည်။
ပါတီနှစ်ရပ်စလုံး၏ အထက်လွှတ်တော်အမတ်များက သဘောတူခဲ့သော အစီအမံတွင် ယူကရိန်း စစ်တပ်အတွက် ဒေါ်လာ သုံးဘီလျံရှိ လက်နက်များ၊ထောက်ပံ့ပစ္စည်းများနှင့် လစာများပါဝင်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ဒေါ်လာ၃.၇ ဘီလျံရှိလက် နက်များကို ထုတ်ယူ၍ လက်နက်များကို ယူကရိန်းသို့ ပို့ဆောင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားရန် သမ္မတဂျိုးဘိုင်ဒင်အား လုပ်ပိုင်ခွင့်အပ်နှင်းခြင်း ပါဝင်သည်။
ယူကရိန်းဘဏ္ဍာရေး ဆက်လက် တည်ငြိမ်စေရန်နှင့် အစိုးရအဖွဲ့ဆက်လက်လည်ပတ်နိုင်စေရန် ဒေါ်လာ ၄.၅ ဘီလျံကို ထောက်ပံ့ပေးခြင်းဖြစ်ကာ ယူကရိန်းပြည်သူများအတွက် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ရုရှားတပ်များက သိမ်းပိုက်ထားသော ယူကရိန်းဒေသများကို ရုရှားနိုင်ငံနှင့်ပေါင်းစည်းကြောင်း ရုရှားသမ္မတဗလာ ဒီမာပူတင်က စက်တင်ဘာ ၃၀ ရက်တွင် ကြေညာရန် စီစဉ်ထားချိန်တွင် ယူကရိန်းထောက်ပံ့ရေး အစီအစဉ်သစ်ကိုအမေရိကန်ဆီးနိတ်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
“ပဋိပက္ခစတင်ခဲ့တာ ခုနစ်လရှိလာချိန်မှာ ပူတင်ရဲ့ဆိုးရွား ရက်စက်တဲ့ကျူးကျော်မှုကို ယူကရိန်းပြည်သူတွေ တွန်းလှန်ရာမှာ အမေရိကန်အကူအညီဟာ ကြီးကြီးမားမား အောင်မြင်ခဲ့တယ်ဆိုတာ အလွန်ထင်ရှားနေပါတယ်။ ဒါပေမဲ့ ခရီးစဉ်ပြီးဆုံးဖို့ အဝေးကြီးကျန်ပါသေးတယ်။ ရဲရင့်၊ရဲစွမ်း သတ္တိရှိတဲ့ ယူကရိန်းပြည်သူတွေ ကျွန်တော်တို့ ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်”ဟု ဆီးနိတ်လူများစုခေါင်းဆောင်ချက် ရှူးမားက ပြောကြားခဲ့သည်။
ယူကရိန်းအကူအညီသည် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပြည့်ခွဲဝေမှုကို ကွန်ဂရက်ရှိ ပါတီများ သဘောတူစရာမလိုဘဲ ဘဏ္ဍာရေးနှစ်ပြီးဆုံးသော စက်တင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်သည့်ပြည်ထောင် စုဘက်ဂျက်ကို ရေတိုသက်တမ်းတိုးမှု အစိတ်အပိုင်းဖြစ်သည်။
ဘက်ဂျက်ကာလတိုသက်တမ်းတိုးခြင်း က အမေရိကန်အစိုးရအဖွဲ့ ဒီဇင်ဘာအထိ ဆက်လက်လည်ပတ်မည်ဖြစ်သော်လည်း အောက်တိုဘာ ၃ ရက်တွင် အစိုးရဌာနအချို့ ပိတ်ရမည့်အနေအထားမဖြစ်စေရန် အောက်လွှတ်တော်အမတ်များက သက်တမ်းတိုးခြင်းကို ပထမဆုံးအတည်ပြုပေးရမည်ဖြစ် သည်။
ဘက်ဂျက်ကို ကာလတို သက်တမ်းတိုးခြင်းမရှိပါက အစိုးရဌာန အားလုံးမဟုတ် သော်လည်း ဌာနအချို့ သည် အောက်တိုဘာ ၃ ရက်တွက် ပိတ်ထားရမည်ဖြစ်ကာ ပိတ်ထားသောဌာနများမှ ဝန်ထမ်းများသည်လည်း လစာမရဘဲ အလုပ်နားရသည့် အနေအထား ဖြစ်လာမည်ဖြစ်သည်။
သက်တမ်းလတ် ကွန်ဂရက်ရွေးကောက်ပွဲများကျင်းပရန် ရက် ၄၀ သာလိုတော့ခြင်းနှင့်အတူ အစိုးရရပ်ဆိုင်းမှုက မဲဆန္ဒရှင်များ မည်သို့မည်ပုံသဘောထားသနည်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ပါတီနှစ်ရပ်စလုံး ဆတ်ဆတ်ထိမခံနိုင်သော အနေအထားဖြစ်နေသည်။
ယာယီဘက်ဂျက်အစီအစဉ်တွင် အာဖဂန်ဒုက္ခသည်များအတွက် ရန်ပုံငွေများလည်း ပါဝင်နေသည်။ ထို့အပြင် လာမည့်ဆောင်းတွင်း၌ ဝင်ငွေနည်းမိသားစုများအတွက် အပူပေးစက် အသုံးစရိတ် ခွင့်ပြုငွေများလည်း ပါဝင်သည်။














