မြစ်လက်တက်များမှ စီးဝင်လာသော ရောင်စုံပလပ်စတစ်ထုကြီးက အယ်လ်ဆာဗေးဒိုးနိုင်ငံရှိ ဆာချီတလန်ကန်ကို ဖုံးလွှမ်းထားသည်။
ယင်းသည် အိမ်နီးချင်း ဂွါတီမာလာနိုင်ငံမှ ရောက်လာသော အမှိုက်သရိုက်တန်ချိန် ထောင်ချီရှိနေသော ဟွန်ဒူးရပ်စ်၏ ကာရီဘီယံကမ်းခြေများပေါ်တွင် အားလုံးမြင်နေကျမြင်ကွင်းဖြစ်လာသည်မှာ ဝမ်းနည်းစရာကောင်းသော ဖြစ်ရပ်ဖြစ်သည်။
အမြုပ်တစီစီနှင့် အအေးပုလင်းများ၊ ဆေးကတ်အခွံများ၊ ခြေညှပ်ဖိနပ်စုတ်များပါဝင်သည့် ပလပ်စတစ်အမှိုက်သရိုက်စုံကို စတုရန်း မိုင် ၅၂ (ဟက်တာ ၁၃,၅၀၀)ကျယ်ဝန်းသော ဆာချီတလန်ကန်ပေါ်တွင် မျောနေသည်ကို တွေ့နိုင်သည်။ ဆာချီတလန်အိုင်သည် လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် ရေလှောင်ကန်အဖြစ် အသုံးပြုနေသောကန်ဖြစ်ကာ ယူနက်စကိုက နိုင်ငံတကာအရေးပါသည့် စိမ့်မြေဖြစ်လာမည်ဟု ယူဆထားသော ကန်ဖြစ်သည်။
ညစ်ညမ်းမှုက တီလားပီးယား ငါးနှင့် cichlid အလှမွေးငါးတို့ လူလုပ်ကန်၏ ရေနက်ပိုင်းကို ရောက်သွားကြသည်ဟု ဒေသခံ တံငါသည်များက ပြောသည်။ ဆာချီတလန်ကန်သည် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် အကြီးဆုံးရေချိုကန်ဖြစ်သည်။ အဆိုပါငါးများ ရေနက်ပိုင်းကို ရောက်သွားကြသဖြင့် ငါးဖမ်းပိုက်များဖြင့် ဖမ်း၍ အလှမ်းမမီနိုင်တော့ဟု ဆိုသည်။
“ကျွန်တော်တို့ ငါးဖမ်းမိခဲ့တာဟာဆိုရင် အချိန်နှစ်လကျော် ရှိနေပါပြီ”ဟု အသက် ၂၅ နှစ်ရှိ လူဝစင်ပီ နာတေးက အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။
ဝင်ငွေ၊ထွက်ငွေ အလျဉ်မီစေရန် အခြားတံငါသည်တစ်ဦးပိုင်သည့် လှေဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ကူးတို့ပို့ပေးရသည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဘဲများက အမှိုက်များထဲ သွားနေကြသည်။ လိပ်ကလေးများက နေဆာလှုံရန်ပေါလောပေါ်နေသော ပုလင်းများပေါ်တက်နေကြသည်။ ပိန်လှီနေသောမြင်းများက ညစ်ညမ်းရေသောက်ရန် ကန်ထဲ ဆင်းကြသည်။
ဤညစ်ညမ်းမှုသည် မကြံစဖူးပင်ဖြစ်သည်ဟု ချာလာတေနန်ဂို နယ်ထဲကအယ်လ်ဆာဗေးဒိုးမြို့တော် ဆန်ဆာလ်ဗေဒို၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ ဝေးသော ရွာလေးဖြစ်သည့် ပိုတိုနီကို၏ အကြီးအကဲ ယာဆင်တိုတိုဘာက ပြောသည်။ “ဒေသရင်း တိရစ္ဆာန်တွေနဲ့ အပင်တွေ တော်တော်လေး ထိခိုက်နေပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ပိုနည်းလာပါတယ်”ဟု ၎င်းက ပြောသည်။
တံငါသည်များမှာ ငါးရရှိရေးအတွက် ကန်တွင်နေကြသော တင်ကျီးငှက်မည်း (black cormorant) ၁.၅ သန်းနှင့် ပြိုင်ဆိုင်နေကြရသည်ဟု တိုဘာက ပြောကြားပြီး အဆိုပါ တင်ကျီးငှက်များသည် ရွှေ့ပြောင်းငှက်များအဖြစ် ဆာချီတလန်ကန်ကို ရောက်ခဲ့ချိန်ကတည်းက ဒုက္ခပေးသော ငှက်ဖြစ်လာကြကာ ကန်တွင် ဆက်လက်နေထိုင်နေကြသည်ဟု ဆိုသည်။
လူဦးရေ ၂,၅၀၀ ရှိသော ပို တိုနီကိုရွာသည် ကမ်းဘေးရွာ ၁၅ ရွာတွင် အဆိုးရွားဆုံးထိခိုက်နေသော ရွာဖြစ်သည်။ ရေကန်ကို လက် ဖြင့်သန့်ရှင်းရန် အာဏာပိုင်များက အလုပ်သမားအများအပြားကို ခန့်ထားသည်။ ကန်သန့်ရှင်းရေးကို ဒေသခံအချို့ကလည်း အစွမ်းကုန် ကူညီကြသည်ဟု တိုဘာကပြောကြားပြီး သန့်ရှင်းမှု ပြီးစီးရန် သုံးလမှ လေးလအထိ ကြာမည်ဟု ဆိုသည်။
“ကျွန်တော်တို့ဟာ ကျွန်တော် တို့ရဲ့လမ်းတွေ၊ မြစ်တွေ၊ ကန်တွေ၊ သစ်တောတွေနဲ့ ကမ်းခြေတွေကို ညစ်ညမ်းအောင်လုပ်နေမယ်ဆိုရင်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရဲ့ပတ်ဝန်းကျင်ကို ကြည့်ရှုစောင့် ရှောက်ခြင်းမရှိဘူးဆိုရင် နောင်မှာ ကျွန်တော်တို့ ဘာကို မျှော်လင့်နိုင်မလဲ”ဟု ယခုသီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့သည့် အမှိုက်ကင်းစင်ရေး လှုံ့ဆော်မှု အစီအစဉ် စတင်သည့် အခမ်းအနားတွင် သမ္မတနာယစ်ဘူကီလီက ပြောကြားခဲ့သည်။
အယ်လ်ဆာဗေးဒိုးသည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၄,၂၀၀ ထွက်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဖာနန်ဒိုလိုပက်စ်က ပြောသည်။ ထိုအမှိုက်များထဲက တန်ချိန် ၁,၂၀၀ သည် မြစ်များ၊ ကမ်းခြေများနှင့် လမ်းများပေါ်က ရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။
အလယ်အမေရိက ကာရီဘီယံကမ်းခြေ၏ အဆိုးရွားဆုံးထိခိုက်ရာ ကမ်းခြေများထဲက တစ်ခုမှာ ဟွန်ဒူးရပ်စ်နိုင်ငံ အိုမိုအာဒေသ၏ ကမ်းခြေများဖြစ်သည်။
အဆိုပါကမ်းခြေသည် စိုက်ခင်းနှင့် ထန်းပင်များပေါများခြင်းနှင့်အတူ လှပသောကမ်းခြေဖြစ်ပြီး Tegucigalpa ၏ မြောက်ဘက် မိုင် ၁၂ဝခန့်(ကီလိုမီတာ ၂၀၀ ခန့်)တွင် တည်ရှိသည်။
သို့ရာတွင် တချို့နေရာများတွင် သဲများကို ဆေးထိုးပြွန်များအပါအဝင် ပလပ်စတစ်အမှိုက်မျိုးစုံက လုံးဝနီးပါး ဖုံးလွှမ်းထားသည်။
“ဒီအမှိုက်တွေဟာ ဂွါဒီမာလာ ဘက်မှာရှိတဲ့ Motagua မြစ်ကနေ လာတာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။














