နှစ်နိုင်ငံနယ်စပ်တစ်လျှောက်၌ နှစ်ဖက်စစ်သားများအကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေချိန် အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် မိမိတို့၏ နယ်မြေထဲကို ဝင်ရောက်ရန် ကြိုးစားနေကြသောကြောင့် အကူအညီပေးရန် စက်တင်ဘာ ၁၃ ရက်တွင် အာမေးနီးယားနိုင်ငံက ကမ္ဘာ့ခေါင်းဆောင်များထံ မေတ္တာရပ်ခံခဲ့သည်။
ကော်ကေးဆပ် အိမ်နီးချင်းနှစ်နိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော နယ်စပ်တစ်လျှောက်တွင် ညပိုင်း၌ တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ရာ နှစ်ဖက်စလုံးတွင် စစ်သားသေဆုံးမှုများရှိခဲ့သည်ဟု အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနတို့က အသီးသီးထုတ်ပြန်ခဲ့ကြသော်လည်း သေဆုံးသည့် စစ်သားအရေအတွက်ကို ထုတ်ပြန်ခဲ့ကြခြင်းမရှိပေ။ သို့ရာတွင် စက်တင်ဘာ ၁၃ ရက်တွင် အာမေးနီးယားက မိမိတို့၏စစ်သားအနည်းဆုံး ၄၉ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
နာဂေါ်နို-ခါရာဘက်ဒေသနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ဖြစ်ပွားသည့် ၂၀၂၀ စစ်ပွဲပြီးဆုံးခဲ့ပြီးနောက်ပိုင်း ပဋိပက္ခမြင့်တက်မှုကြောင့်ယခုနောက်ဆုံးတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေ၊ စိန်ပြောင်းတွေနဲ့ ဒရုန်းတွေကို ဆက်လက်အသုံးပြုနေပြီး စစ်ဘက်အဆောက်အအုံတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။ ရန်သူဟာ အာမေးနီးယားပိုင်နက်ထဲကို တက်လာလက်ဖို့ ကြိုးစားနေပါတယ်” ဟု စက်တင်ဘာ ၁၃ ရက် စောစောပိုင်းတွင် အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာမေးနီးယားဝန်ကြီးချုပ်နီကိုလ်ပါရှင်ယန်သည် အဇာဘိုင်ဂျန်၏ ရန်လိုသောလုပ်ရပ်များအတွက် အလုံအလောက်တုံ့ပြန်ရေးကို တောင်းဆိုရန် ပြင်သစ်သမ္မတမက်ခရွန်၊ ရုရှားသမ္မတဗလာဒီမာပူတင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်တို့ထံ ဖုန်းဆက်ခဲ့သည်ဟု ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။
မိမိတို့၏ တပ်ဖွဲ့များသည် အာမေးနီးယား ရန်စမှုကို တုံ့ပြန်ခဲ့သည်ဟု အစောပိုင်းတွင် အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး မိမိတို့၏တု့ံပြန်မှုများက အရပ်ဘက် အဆောက်အအုံများကို ထိမှန်နေသည်ဆိုခြင်းကို အဇာဘိုင်ဂျန်ဘက်က ငြင်းဆန်ခဲ့သည်။
“အဇာဘိုင်ဂျန်တပ်တွေဟာ အကန့်အသတ်ထားပြီး ပစ်မှတ်ထားတဲ့ အဆင့်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပစ်ခတ်နေတဲ့ အာမေးနီးယားတပ်တွေရှိတဲ့နေရာတွေကို ချေမှုန်းနေတာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ညပိုင်းတွင် ပြင်းထန်သည့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အဇာဘိုင်ဂျန်နှင့်ထိစပ်နေသည့် အာမေးနီးယားနယ်စပ်တစ်လျှောက်တွင် အခြေအနေတည်ငြိမ်စေရန် ပူးတွဲအဆင့်များကို စက်တင်ဘာ ၁၃ ရက်တွင် အာမေးနီးယားနှင့် ရုရှားတို့ သဘောတူညီခဲ့ကြသည်။ အာမေးနီးယား၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို အဇာဘိုင်ဂျန်၏ ကျူးကျော်မှုနှင့်စပ်လျဉ်း၍ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဆူရန်ပါပီကျန်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွိုင်ဂူတို့ ဖုန်းဆက်ဆွေးနွေးခဲ့ကြသည်ဟု အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။
နယ်စပ်တစ်လျှောက် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် အာမေးနီးယားအနေဖြင့် အဇာဘိုင်ဂျန်ကို ရန်စမှုများရပ်ရန် စက်တင်ဘာ ၁၃ ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။














