ယူကရိန်းစစ်ပွဲ ရက် ၂၀၀ ပြည့်နှင့် ယူကရိန်းတို့၏ အားကောင်းသော တန်ပြန်ထိုးစစ်

ယူကရိန်းစစ်ပွဲ ရက် ၂၀၀ ပြည့်နှင့် ယူကရိန်းတို့၏ အားကောင်းသော တန်ပြန်ထိုးစစ်
Published 12 September 2022
ဖြိုးဟိန်းကျော်

စက်တင်ဘာ ၁၁ ရက်တွင် ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အချိန်ကြာမြင့်စွာ မျှော်မှန်းပြင်ဆင်ခဲ့သည့် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းစစ်တပ်သည် နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့၌ နယ်မြေများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းသည် ရုရှားအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

သြဂုတ်လနှောင်းပိုင်းတွင် စတင်ခဲ့သည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် စစ်ပွဲ၏အစောပိုင်းကာလများတွင် ရုရှားလက်အောက်သို့ ကျရောက်ခဲ့သည့် နိုင်ငံတောင်ပိုင်း ခါဆန်ဒေသကို အဓိကပစ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ရုရှားဘက်က အာရုံစိုက်မှုပြောင်းလဲလာပြီး ထိုဒေသမှ ၎င်းတို့တပ်များကို ပြောင်းရွှေ့ချထားမှုများ လုပ်ဆောင်လာစဉ် ယူကရိန်းတို့သည် နိုင်ငံအရှေ့မြောက်ပိုင်း၊ ခါကိဗ်ဒေသအနီးတွင် အလွန်ထိရောက်သော နောက်ထပ်ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့လေသည်။

ရုရှားသည် ၎င်းတို့၏တပ်ဖွဲ့ဝင်အများအပြား ၀ိုင်းပတ်ပိတ်ဆို့ခံရမည့်အရေးနှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် အံ့အားသင့်ဖွယ် အပြောင်းအလဲတစ်ရပ်အဖြစ် ၎င်း၏တပ်ဖွဲ့ဝင်များကို ခါကိဗ်ဒေသမှ ပြန်လည်ဆုတ်ခွာစေခဲ့ပြီး ယင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ရုရှားအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာခဲ့သည်။

“ရုရှားတပ်တွေ တောင်ပိုင်းကို အလုံးအရင်းနဲ့ ပြောင်းရွှေ့ချထားနေတာနဲ့ စစ်ပွဲရဲ့လားရာကို ပြောင်းလဲဖို့ ကြိုးစားနေတာတွေကို ယူကရိန်းစစ်တပ်က အခွင့်အရေးယူအသုံးချပြီး လှုပ်ရှားစစ်ကစားမှုကို အကောင်းဆုံး လုပ်ဆောင်ကာ စစ်ပရိယာယ်ကြွယ်ဝမှုကို ပြသနေတာဖြစ်တယ်” ဟု ကိယက်ဗ်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Razumkov Centre မှ စစ်ရေးကျွမ်းကျင်သူ မိုင်ကိုလာ ဆန်ဟူရော့စကီးက ဆိုသည်။ ယူကရိန်းဘက်က နယ်မြေများကို အလျင်အမြန် ပြန်လည်ထိန်းချုပ်နိုင်ခြင်းသည် လက်ဦးမှုရယူရန်အတွက်သာမက ယူကရိန်းတပ်ဖွဲ့ဝင်များကို စိတ်ဓာတ်မြှင့်တင်ပေးရာတွင်လည်း အရေးပါနေသည်ဟု ၎င်းက သုံးသပ်ခဲ့သည်။

ယူကရိန်းအနေဖြင့် ယခုလထဲတွင် နယ်မြေစတုရန်းကီလိုမီတာ ၂ယဝ၀၀ ခန့် (စတုရန်းမိုင် ၇၇၀ ကျော်) ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက စက်တင်ဘာ ၁၀ ရက်ညပိုင်း ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ယူကရိန်းစစ်တပ်ကို ချီးကျူးခဲ့ကာ တပ်များဆုတ်ခွာခဲ့ရခြင်းနှင့် ပတ်သက်၍လည်း ရုရှားဘက်ကို မခံချိမခံသာဖြစ်အောင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရုရှားစစ်တပ် အရေးနိမ့်နေသည့် အခြေအနေသည် ရုရှား၏စစ်ရေးဘလော့ဂါများနှင့် မျိုးချစ်စိတ်ပြင်းထန်သည့် အကဲခတ်များအကြား ယမ်းပုံမီးကျဖြစ်စေခဲ့သည်။ ရုရှားအစိုးရသည် တပ်ဖွဲ့ဝင်များထပ်မံ စုရုံးဖြည့်တင်းရန် ပျက်ကွက်ခဲ့ပြီး ယူကရိန်းကိုလည်း ပိုမိုပြင်းထန်စွာ တုံ့ပြန်ခဲ့ခြင်းမရှိဟု ၎င်းတို့က ဝေဖန်ခဲ့သည်။ ရုရှားကျောထောက်နောက်ခံပြု ချေချင်းညာဒေသခေါင်းဆောင်ဖြစ်သည့် ရမ်ဇန်ကာဒီရော့ဗ်ကလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းကို တန်ပြန်ထိုးစစ်ဆင်ခွင့်ပေးခဲ့သည့်အမှားကို ကျူးလွန်ခဲ့သည်ဟု လူသိရှင်ကြား ဝေဖန်ခဲ့သည်။

ဒုတိယကမ ္ဘာစစ်နောက်ပိုင်း ဥရောပ၏အကြီးမားဆုံးစစ်ပွဲဖြစ်သည့် ဤစစ်ပွဲတွင် နှစ်ဖက်စလုံး၌ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ပြီး ယူကရိန်းစစ်တပ်အကြီးအကဲဖြစ်သူက တိုက်ပွဲများအတွင်း မိမိတို့ဘက်မှ စစ်သည် ၉၀၀၀ နီးပါး ကျဆုံးခဲ့သည်ဟု အတည်ပြုပြောဆိုခဲ့သည်။ ရုရှားဘက်ကမူ မတ်လနှောင်းပိုင်းမှစ၍ ၎င်းတို့၏ ထိခိုက်ကျဆုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိတော့သည့်တိုင် ရုရှားဘက်တွင် ကျဆုံးစစ်သည် ၂၅၀၀၀ အထိ ရှိနိုင်ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူနှင့် တပ်ကို စွန့်ခွာထွက်ပြေးသူ စုစုပေါင်း ၈၀၀၀၀ ကျော်အထိရှိနိုင်သည်ဟု အနောက်နိုင်ငံများက ခန့်မှန်းထားသည်။

ယူကရိန်းအနေဖြင့် တမ်းပြည့်စစ်မှုထမ်းဦးရေ တစ်သန်းအထိရရှိအောင် စုဆောင်းခဲ့သော်လည်း ရုရှားအနေဖြင့်  ပြည်တွင်း၌ မတည်မငြိမ်ဖြစ်လာပြီး မကျေနပ်ချက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် အင်အားအလုံးအရင်း စစ်စည်းရုံးခြင်းကို ရှောင်ကြဉ်လျက် အကန့်အသတ်ရှိသည့် ဆန္ဒအလျောက် တိုက်ပွဲဝင်သူများကိုသာ ဆက်လက်အားထားနေရသည်။

စစ်ပွဲအရှိန်မြင့်တက်လာစဉ် နွေရာသီကာလအတွင်း အနောက်နိုင်ငံများက ပေးပို့သည့်စစ်လက်နက်ပစ္စည်းများ တဖွဲဖွဲရောက်လာခြင်းသည်လည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွက် အဓိကကျနေပြီး ပစ်မှတ်အတိအကျ ချေမှုန်းတိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်။

တန်ပြန်ထိုးစစ် စတင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့တပ်ဖွဲ့ဝင်များသည် ခါကိဗ်ဒေသ၏ နယ်မြေဒေသ ၃၀ ကျော်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းဘက်က ဆိုသည်။

ခါဆန်ဒေသတွင် ယူကရိန်းတပ်ဖွဲ့ဝင်များက ဒီနီပါမြစ်အနောက်ဘက်ကမ်းတွင် ခြေကုပ်ယူထားသော ရုရှားတပ်များကို ယင်းဒေသမှ တိုက်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းနေရာသည် ရုရှားတပ်များက ယူကရိန်းကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်တိုက်ခိုက်လာနိုင်သည့် အချက်အချာနေရာအဖြစ် ရှုမြင်ခံထားရသည်။ 

ယူကရိန်းစစ်ဦးစီးအဖွဲ့ကလည်း ရုရှားတပ်များသည် အဆိုပါဒေသရှိ နယ်မြေအချို့မှ ဆုတ်ခွာသွားပြီဟု ပြောကြားထားပြီး ၎င်းနယ်မြေများ၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

စစ်မဖြစ်မီက လူဦးရေ ၃၀၀၀၀၀ ခန့် နေထိုင်ခဲ့ပြီး ဒီနီပါမြစ်နှင့် ပင်လယ်နက်တို့ပေါင်းဆုံသော စီးပွားရေး အချက်အချာကျသည့် ခါဆန်မြို့သည် စစ်ပွဲအတွင်းရုရှားလက်သို့ အစောဆုံးကျရောက်ခဲ့သည့် မြို့ကြီးတစ်မြို့လည်း ဖြစ်သည်။

ရုရှားအစိုးရသည် ၎င်းတို့သိမ်းယူထားသည့် နယ်မြေများတွင် ရုပ်သေးအစိုးရများ တင်မြှောက်ခြင်း၊ ရုရှားနိုင်ငံသုံး ငွေကြေးအသုံးပြုစေခြင်း၊ ရုရှားပတ်စပို့ ထုတ်ပေးခြင်းနှင့် ၎င်း၏သိမ်းပိုက်မှုကို အတည်ပြုမည့် ဒေသဆိုင်ရာ လူထုဆန္ဒခံယူပွဲများ ကျင်းပရန် ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် အဆိုပါအစီအစဉ်များကို ထိခိုက်စေခဲ့ပြီး ခါဆန်ဒေသ၏ ရုရှားကျောထောက်နောက်ခံပြု ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးကလည်း လူထုဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က ရုရှားတို့၏ အခြေခံအဆောက်အအုံများနှင့် ထောက်ပ့ံပို့ဆောင်ရေး လမ်းကြောင်းများကို စနစ်တကျတိုက်ခိုက်ခဲ့ပြီးနောက်တွင် တန်ပြန်ထိုးစစ် စတင်ခဲ့ခြင်းလည်းဖြစ်သည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် အမေရိကန်က ပေးပို့ထားသည့် HIMARS အတွဲလိုက် ဒုံးပစ်လောင်ချာများဖြင့် ဒီနီပါမြစ်ကူးတံတားနှစ်စင်းကို အပြင်းအထန် ပစ်ခတ်နေသည့်အတွက် ခါဆန်ဒေသတွင် တပ်စွဲထားသည့် ရုရှားတပ်များသည် ဗောတံတားများကို အသုံးပြုကာ မြစ်ကိုဖြတ်ကူးနေရပြီး နေ့စဉ်နှင့်အမျှ ယူကရိန်းတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ပြီးခဲ့သည့်လကလည်း ခရိုင်းမီးယားကျွန်းဆွယ်ရှိ လေတပ်စခန်းများနှင့် လက်နက်တိုက်တစ်ခုတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ရုရှားတို့ သိမ်းယူခဲ့သည့် အဆိုပါဒေသ၏ အကာအကွယ်မဲ့နေသော အခြေအနေကို မီးမောင်းထိုးပြနေသည်။ ခရိုင်းမီးယားကျွန်းဆွယ်သည် ရုရှား၏ ယူကရိန်းတောင်ပိုင်းစစ်ဆင်ရေးများအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ ထိုဖြစ်စဉ်များသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဗလယ်ရီဇာလုရှ်နီကမူ မိမိတို့တပ်ဖွဲ့ဝင်များက ယင်းနေရာများကို ရော့ကတ် များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မကြာသေးမီရက်ပိုင်းက ဝန်ခံခဲ့သည်။

ယူကရိန်းသည် ရုရှားစစ်တပ်ကို စစ်ပန်းလာအောင် စနစ်တကျလုပ်ဆောင်သည့် နည်းဗျူဟာကို ကျင့်သုံးလျက် ရုရှားတပ်များ အင်အားချည့်နဲ့လာပြီး အင်အားဖြည့်တင်းမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ခြင်း မရှိတော့အောင် ကြံရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယူကရိန်းစစ်ရေးအကဲခတ်တစ်ဦးဖြစ်သူ အိုလက်ဇာဒါနော့ဗ်က ဆိုသည်။

ခါဆန်ဒေသ၏ အကာအကွယ်မဲ့သော မြက်ခင်းပြင်များ တည်ရှိရာအရပ်တွင် ယူကရိန်းတို့၏ တန်ပြန်ထိုးစစ် အရှိန်နှေးကွေးနေပြီး ရုရှား၏လက်နက်ကြီးဒဏ်ကို အလူးအလဲရင်ဆိုင်နေရသော်လည်း ခါကိဗ်ဒေသ၏ တောအုပ်များသည် ရန်သူကို အရပ်မျက်နှာအသီးသီးမှ အလွန်လျင်မြန်စွာဖြင့် လျှပ်တစ်ပြက် အငိုက်ဖမ်း ချေမှုန်းနိုင်ရန်အတွက် သဘာဝကပေးသော အကာအကွယ်များပင်ဖြစ်သည်။

“လျင်မြန်မှုနဲ့ အလစ်အငိုက်တိုက်ခိုက်မှုတို့က ခါကိဗ်ဒေသမှာ ယူကရိန်းစစ်တပ်အတွက် အဓိကကျတဲ့ နည်းဗျူဟာတွေ ဖြစ်လာပါပြီ” ဟု ဇာဒါနော့ဗ်က ပြောကြားသည်။

ခါကိဗ်မြို့၏ အရှေ့တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာရှိ ဘာလာကလီယာမြို့ကို သိမ်းယူပြီးနောက်  ယူကရိန်းတပ်များသည် အရှေ့ဘက်ရှိ ကူပီယန့်မြို့သို့ အလျင်အမြန် ထပ်မံထိုးစစ်ဆင်ခဲ့သည်။ အဆိုပါမြို့သည် ၎င်းဒေသ၌ ရုရှား၏စစ်ဆင်ရေးများကို အထောက်အပံ့ဖြစ်စေသည့် အလွန်အရေးပါသော မီးရထားဖြင့်သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖြစ်သည်။

အောင်မြင်သော တန်ပြန်ထိုးစစ်သည် မဟာမိတ်များထံမှ စစ်လက်နက်အကူအညီများ ထပ်မံတောင်းခံနိုင်ရေးအတွက် အဓိကကျလိမ့်မည်ဖြစ်ကြောင်းလည်း ဇာဒါနော့ဗ်က အလေးအနက် သုံးသပ်ခဲ့သည်။ ယူကရိန်းကို စစ်လက်နက်ထောက်ပံ့မှုများ တိုးမြှင့်ရေးနှင့်ပတ်သက်၍လည်း စက်တင်ဘာ ၈ ရက်က ဂျာမနီတွင် ပြုလုပ်သည့်နေတိုးမဟာမိတ် အဖွဲ့အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

“ယူကရိန်းစစ်တပ်ဟာ စစ်လက်နက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုပုံနဲ့ သူတို့ရဲ့အောင်မြင်မှုကို ချဲ့ထွင်ဖို့ လိုအပ်နေတယ်ဆိုတာကို သိရှိထားကြောင်း ယူကရိန်းတောင်ပိုင်းနဲ့ ခါကိဗ်ဒေသက အခြေအနေတွေက အနောက်နိုင်ငံတွေကို ပြသနေပါတယ်” ဟုလည်း ဇာဒါနော့ဗ်က ပြောကြားခဲ့သည်။            Ref:AFP

Most Read

Most Recent