တရုတ်သမ္မတရှီကျင်းပင်သည် နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံပြင်ပသို့ ထွက်ခွာမည့်ခရီးစဉ်အဖြစ် ဗဟိုအာရှသို့ သွားရောက်မည်ဖြစ်ကာ အဆိုပါခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံသွားမည်ဟု သိရသည်။
သမ္မတရှီကျင်းပင်သည် မော်စီတုန်းနောက်ပိုင်း သြဇာအကြီးဆုံး တရုတ်ခေါင်းဆောင်အဖြစ် ၎င်း၏အခန်းကဏ္ဍကို ခိုင်မာမြဲမြံအောင် လုပ်ဆောင်ခြင်းမပြုမီ တစ်လအလိုတွင် သမ္မတပူတင်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ် လာမည့်၎င်းခရီးစဉ်သည် သမ္မတရှီအနေဖြင့် တိုင်းပြည်အတွင်း ၎င်း၏အာဏာဆုပ်ကိုင်မှုနှင့်ပတ်သက်၍ မည်မျှယုံကြည်မှုရှိနေသည် ဆိုသည်နှင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံများ၏ ထိပ်တိုက်တွေ့မှု၊ ထိုင်ဝမ်အကျပ်အတည်း၊ တုံ့ဆိုင်းနေသည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကြောင့် ကမ္ဘာကြီး၏အခြေအနေ မည်မျှစိုးရိမ်စရာဖြစ်နေသည်ဆိုသည်ကို ပြသလျက်ရှိသည်။
သမ္မတရှီသည် စက်တင်ဘာ ၁၄ ရက်တွင် ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။ ထို့နောက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံရှိ ရှေးခေတ်ပိုးလမ်းမမြို့ဖြစ်သည့် ဆာမာကန်၌ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ထိပ်သီးအစည်းအဝေးအတွင်း သမ္မတပူတင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကာဇက်စတန်နှင့် ရုရှားအစိုးရတို့၏ထုတ်ပြန်ချက်အရ သိရသည်။
သမ္မတပူတင်၏ နိုင်ငံခြားမူဝါဒရေးရာအကြံပေးဖြစ်သူ ယူရီအူရှာကော့ဗ်ကလည်း သမ္မတပူတင်အနေဖြင့် အဆိုပါထိပ်သီးအစည်းအဝေးတွင် သမ္မတရှီနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ရုရှားအစိုးရကမူ ဆွေးနွေးမည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ တရုတ်အစိုးရကလည်း သမ္မတရှီ၏ခရီးစဉ်နှင့်ပတ်သက်၍ အတည်ပြုကြေညာခြင်း မရှိသေးပေ။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုအတွင်း သမ္မတရှီက ၎င်း၏သြဇာအရှိန်အဝါကို ထင်ထင်ရှားရှား ပြသနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သကဲ့သို့ သမ္မတပူတင်သည်လည်း ရုရှားအနေဖြင့် အာရှဘက်သို့ ယိမ်းလာခြင်းကို လက်တွေ့ပြသနိုင်မည်ဖြစ်ကာ အမေရိကန်ပြည်ထောင်စုအပေါ် ဆန့်ကျင်ကြောင်းကိုလည်း ပြသသွားဖွယ်ရှိနေသည်။
ရုရှားသည် ပြီးခဲ့သည့်သီတင်းပတ်က ယူကရိန်းစစ်ပွဲကာလအတွင်း အဆိုးရွားဆုံးအရေးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ယူကရိန်းအရှေ့မြောက်ဘက်ရှိ ၎င်းတို့၏ အဓိကခံတပ်ကို လက်လွှတ်ခဲ့ရသည်။
မဟာအင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာသည့် တရုတ်နှင့် သဘာဝသယံဇာတအရင်းအမြစ် ပေါကြွယ်ဝသည့် ရုရှားတို့အကြား အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်လာခြင်းသည် မကြာသေးမီနှစ်များအတွင်း စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထဝီဝင်နိုင်ငံရေး ဖြစ်စဉ်တစ်ခုဖြစ်လာခဲ့ပြီး အနောက်နိုင်ငံများ၏ စိုးရိမ်တကြီးစောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ခေါင်းဆောင်နှစ်ဦးအကြား ဆက်ဆံရေး နက်ရှိုင်းလာသကဲ့သို့ ယခုနှစ် ၇ လတာအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် သုံးပုံတစ်ပုံနီးပါးမြင့်တက်ခဲ့သည်။














