ဖြုံလောက်စရာစိန်ခေါ်မှုများနှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် လစ်ထရက်စ်

ဖြုံလောက်စရာစိန်ခေါ်မှုများနှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် လစ်ထရက်စ်
Published 6 September 2022
ဇင်မျိုး

ခေါင်းဆောင်သစ်ရွေးချယ်ပွဲတွင် အကြိတ်အနယ်ပြိုင်ခဲ့ရပြီးနောက် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏နေရာကို ဆက်ခံမည့်သူအဖြစ် လစ်ထရက်စ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ပြင်ဆင်ရန် ရဲရဲဝံ့ဝံ့လုပ်ဆောင်သွားမည်ဟု စက်တင်ဘာ ၅ ရက်တွင် ဗြိတိန်၏ ကွန်ဆာဗေးတစ်ခေါင်းဆောင်သစ် လစ်ထရက်စ် ပြောကြားခဲ့သည်။

ထရက်စ်သည် ပြိုင်ဘက်ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဟောင်းရီရှီဆူနက်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီဝင် ၁၇၀၀၀၀ ကဆုံးဖြတ်ခဲ့သော ဝန်ကြီးချုပ်ရွေးပွဲတွင် ထရက်စ်က ထောက်ခံမဲ ၅၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆူနက်က ထောက်ခံမဲ ၄၃ ရာခိုင်နှုန်းရရှိခဲ့သည်။

ထရက်စ်၏ အစိုးရအဖွဲ့သစ်တွင် တာဝန်ထမ်းဆောင်ခြင်းရှိမရှိကိစ္စနှင့်ပတ်သက်၍ ဟက်ဟက်ပက်ပက်မရှိလှသော ဆူနက်က ယခုအချိန်သည် ပါတီအနေဖြင့် မိသားတစ်စုကဲ့သို့ စည်းလုံးရမည့်အချိန်ဖြစ်သည်ဟု Twitter တွင် ရေးခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် လစ်ထရက်စ်သည် ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာခြင်းဖြစ်သည်။ နှစ်လကြာ ပြိုင်ပွဲအပြီးတွင် ကွန်ဆာဗေးတစ်ပါတီဝင်များက လစ်ထရက်စ်ကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ထရပ်စ်အဖို့ တရားဝင်အစိုးရဖွဲ့ရေးအတွက် ဘုရင်မကြီးက တရားဝင်ဖိတ်ကြားမည့်နေရာဖြစ်သည့် စကော့တလန်ရှိ ဘာမိုရယ်သို့သွားရန်သာကျန်ပါတော့သည်။

ထရက်စ်သည် ခြောက်နှစ်အတွင်း ကွန်ဆာဗေးတစ်ပါတီ၏ စတုတ္ထမြောက်ခေါင်းဆောင်လည်းဖြစ် ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် အယ်လ်လီစဘတ်ဘုရင်မကြီးလက်ထက်တွင် ၁၅ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်၍ ဗြိတိန်၏တတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည်။

ပါလီမန်အတွက် ပထမဆုံးရွေးကောက်ခံရသည့် ၂၀၁၀ ခုနှစ်တွင် သူသည် နိုင်ငံရေးလောက၏ ထိပ်တန်းအဆင့်ကိုတက်လှမ်းရန် အစပြုခဲ့သည်ဟု ဆိုရပါမည်။ လေးနှစ်အကြာ ၂၀၁၄ ခုနှစ်တွင် သူသည် သဘာဝပတ်ဝန်းကျင်ဝန်ကြီးအဖြစ် ဒေးဗစ်ကင်မရွန်၏ အစိုးရအဖွဲ့ထဲတွင် ပါဝင်လာခဲ့သည်။ လစ်ထရက်စ်သည် ဝန်ကြီးချုပ်ထရီဆာမေလက်ထက်တွင် တရားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ထို့နောက် ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ကာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်လက်ထက်တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။

ထရက်စ်သည် စီးပွားရေးနှင့်ပတ်သက်၍ လွတ်လွတ်လပ်လပ် တွေးခေါ်ဆုံးဖြတ်တတ်သူဖြစ်သည်။ ဥရောပသမဂ္ဂ (အီးယူ)တွင် ဗြိတိန်အနေဖြင့်အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နေရေးနှင့် ပတ်သက်၍ ပြုလုပ်သော ၂၀၁၆ ဆန္ဒခံယူပွဲတွင် သူသည် အီးယူအဖွဲ့ထဲ၌ ဗြိတိန်ဆက်လက်ရှိရေးကို အားတတ်သရော ထောက်ခံခဲ့သူဖြစ်သော်လည်း နောက်ပိုင်းတွင်သူ အီးယူမှ ဗြိတိန်ထွက်ခွာမှုကို ပြန်လည်ထောက်ခံလာသူ (born-again leaver) ဖြစ်လာခဲ့သည်။ သူသည် ဘရစ်ဇစ်၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။ ယူကရိန်းကို ကျူးကျော်ခြင်းနှင့်ပတ်သက်၍ ရုရှားအပေါ်တင်းမာသော သဘောထားကို ကျင့်သုံးခဲ့သည်။

စီးပွားရေးဆိုင်ရာ ပွင့်လင်းလွတ်လပ်သောဝါဒ၊ နိုင်ငံရေးဆိုင်ရာအကောင်းမြင်မှုနှင့် နိုင်ငံခြားရေးရာတွင် သဘောထားတင်းမာမှု (hawkishness) စသည့်ထရက်စ်၏အမှတ်တံဆိပ်က၂၀၂၂ ခုနှစ် ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲတွင် အဆုံးအဖြတ်ပေးခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် လစ်ထရက်စ်သည် ငွေဖောင်းပွမှု မြင့်တက်နေခြင်း၊ စွမ်းအင်စရိတ်များ မြင့်မားနေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ယိုယွင်းနေခြင်း၊ အလုပ်သမားသပိတ်များ ပေါ်ပေါက်နေခြင်း၊ စကော့တလန်၌ လွတ်လပ်ရေးအလေးထားသော အစိုးရပေါ်ပေါက်နေခြင်းစသော ဖြုံလောက်စရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

ထရက်စ်သည် ဇူလိုင်လတွင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်မှလည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ်မှလည်းကောင်း နုတ်ထွက်ထားသည့် ဘောရစ်ဂျွန်ဆင်နေရာတွင် အစားထိုးဝင်ရောက်လာသူဖြစ်သည်။ ဗြိတိန်အစိုးရအဖွဲ့၏ ဒုတိယစည်းကမ်းထိန်း သိမ်းရေးတာဝန်ခံဟောင်း ခရစ်ပင်ချာ၏ အရှုပ်တော်ပုံကို ဘောရစ်ဂျွန်ဆင်ကိုင်တွယ် ပုံမှားယွင်းသည့်ကိစ္စအား ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီး ၆၀ ခန့်နှင့် အခြားနိုင်ငံရေးအရ ခန့်အပ်ခံထားရသူများ နုတ်ထွက်ခဲ့ကြရာ နုတ်ထွက်သူများထဲတွင် ကျန်းမာရေးဝန်ကြီးဆာဂျစ်ဂျာဗစ်နှင့် ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်တို့လည်း ပါဝင်ခဲ့သည်။

အောက်လွှတ်တော်အမတ်များအသင်း၌ အမျိုးသားနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ခရစ်ပင်ချာသည် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံရာထူးမှ နုတ်ထွက်ခဲ့သည်။ မိမိသည် သောက်စားမှုများသွားကြောင်း၊ ထို့အတွက် ရှက်မိကြောင်း ပင်ချာက ပြောကြားခဲ့သော်လည်း စွပ်စွဲပြောဆိုမှုများကို ငြင်းပယ်ခဲ့ပြီး မိမိသည် တစ်သီးပုဂ္ဂလလွှတ်တော်အမတ်အဖြစ် ဆက်လက်ရှိနေမည်ဟုပြောကြားခဲ့သည်။ လိင်ပိုင်းဆိုင်ရာမတော်တရော်ကိစ္စနှင့်ပတ်သက်၍ နောက်ထပ်သမိုင်းတွင်သော စွပ်စွဲပြောဆိုမှုများထွက်ပေါ်လာခဲ့ရာ ထိုကိစ္စများကို ဘောရစ်ဂျွန်ဆင် ဘာများသိထားပါသလဲ၊ မည်သည့်အချိန်တွင် သိထားပါသလဲဟူသော မေးခွန်းများ ပေါ်လာခဲ့သည်။

ပင်ချာကို အစိုးရအဖွဲ့၏ ဒုတိယစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံအဖြစ် ခန့်အပ်သည့်အခါ ဂျွန်ဆင်အနေဖြင့် အဆိုပါစွပ်စွဲချက်များကို သိထားသည်ဟူသောအချက်အား အစပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးက ငြင်းဆန်ခဲ့သည်။ ဤငြင်းဆိုချက် မှားယွင်းနေကြောင်း နောက်ပိုင်းတွင် အဖြေပေါ်လာခဲ့သည်။ ဂျွန်ဆင်သည် ပင်ချာကို ပါတီမှ ချက်ချင်းဆိုင်းငံ့မှု မလုပ်ခဲ့သည့်အတွက် ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသည်။ ကွန်ဆာဗေးတစ်ပါ တီဝင်များက အပြင်းအထန် ဖိအားပေးမှသာ ဂျွန်ဆင်သည် ပင်ချာကို ပါတီမှဆိုင်းငံ့ခဲ့သည်။

ဂျွန်ဆင်၏ ရာထူးမြဲမှုမှာ ပင်ချာကိစ္စမတိုင်မီကပင် ရေရေရာရာမရှိလှပါ။ မကောင်းသတင်းများ ဆက်တိုက်ထွက်ပေါ်ခြင်းက ပြင်ပအသိုင်းအဝိုင်းတွင်ထားရှိသော ဂျွန်ဆင်၏ စံနှုန်းလျော့ရဲမှုကို မီးမောင်းထိုးပြနေသည်။ ပါတီတွင်း ပြဿနာများကြောင့် ဂျွန်ဆင်နုတ်ထွက်ရန် ကွန်ဆာဗေးတစ်ပါတီဝင် အများအပြားက တောင်းဆိုခဲ့သည်။ အထူးသဖြင့် ကိုဗစ်စည်းကမ်းများကို ဖောက်ဖျက်ကာ သောက်စားပျော်ပါးသော ပါတီပွဲကို လုပ်ခဲ့သည့်ကိစ္စပေါ်ပေါက်ခဲ့သည်။ ထိုအချက်ကြောင့် ဂျွန်ဆင်နှင့် ဇနီးသည်တို့ကို ရဲက ဒဏ်ရိုက်ခဲ့သည်။

ဂျွန်ဆင်၏ ပြုမူနေထိုင်ပုံမှာ အာရုံထွေပြားစရာဖြစ်လာပြီး ပိုမိုအကာအကွယ်မဲ့သည့် အနေအထားဖြစ်လာသည်။ ဇွန်လအစပိုင်းတွင် အယုံအကြည်မရှိအဆို မဲခွဲရာ၌ ကွန်ဆာဗေးတစ်ပါတီဝင် ၄၁ ရာခိုင်နှုန်းထက်မနည်းက သူ့အား ဆန့်ကျင်မဲပေးခဲ့ကြသည်။

ဂျွန်ဆင်၌ ဦးတည်ချက်ပျောက်နေပုံ ထင်မှတ်ရခြင်းကလည်း မကျေမလည်ဖြစ်ရသည့် ဒုတိယအကြောင်းရင်းဖြစ်သည်။ ဘရစ်ဇစ်ကိစ္စကို ပြီးပြတ်အောင်လုပ်မည်ဟု သူကပြောနေသော်လည်း သူ့အစိုးရ၏ ရှေ့လုပ်ငန်းစဉ်ကို သူမပြောနိုင်ပေ။ လူမှုအဆင့်အတန်း မြင့်မားအောင်ဆောင်ရွက်မည့်အကြောင်း များများစားစားပြောနေသော်လည်း ယင်းသို့ပြောဆိုရာတွင် လက်တွေ့ကျသောအကြောင်းအရာ အနည်းငယ်သာပါသည်။ လူမှုစရိတ်မြင့်တက်လာခြင်း၊ အစိုးရ၏ လုပ်ငန်းစဉ်များ ဖရိုဖရဲဖြစ်လာခြင်းတို့က အဆိုပါပြဿနာများကို ပိုမိုကြီးထွားလာစေပါသည်။ ဆိုခဲ့ပါပြဿနာများက ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်စေရန် ဦးတည်စေခဲ့သည်။

ဝန်ကြီးချုပ်သစ်ထရက်စ် ချက်ချင်းလုပ်ဆောင်ရမည့် အလုပ်မှာ ဗြိတိန်အစိုးရအဖွဲ့ကို ဖွဲ့ရန်ဖြစ်သည်။ အစိုးရအဖွဲ့သစ်တွင် ထရက်စ်ထည့်သွင်း (ခန့်အပ်) မည့်ပုဂ္ဂိုလ်သည် ပါတီနှင့် ထရက်စ်တို့အကြား ဆက်ဆံရေးများအတွက် သဘောထားဖြစ်လာမည်ဖြစ်သည်။ ထရက်စ်သည် ကွန်ဆာဗေးတစ်ပါတီ၏ လွှတ်တော်အမတ်များ နှစ်သက်သည့် ကိုယ်စားလှယ်လောင်းမဟုတ်ဘဲ ကွန်ဆာဗေးတစ်ပါတီဝင်များ၏ ရွေးချယ်မှုကြောင့် ပါတီခေါင်းဆောင်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ လူထုသဘောထားစစ်တမ်းများတွင် ကွန်ဆာဗေးတစ်များသည် လေဘာ ပါတီဝင်များ၏နောက်၌ ဆက်လက်ရပ်တည်နေမည်ဆိုပါကပျားရည် ဆမ်းခရီးကာလသည် အချိန်တိုတောင်းသွားနိုင်စရာရှိသည်။

ထို့အပြင်လည်း ထရက်စ်သည် နောက်လာမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီ၏ မျှော်မှန်းချက်များကို စီမံခန့်ခွဲရန် လိုအပ်ပါမည်။ ဝန်ကြီးချုပ်သစ်များသည် မဲဆန္ဒရှင်များထံမှ မိမိတို့၏ လုပ်ပိုင်ခွင့်များကို အလိုရှိကြသည်။ လုပ်ပိုင်ခွင့်သည် ဝန်ကြီးချုပ်တို့၏ အခွင့်အာဏာကို မြင့်တက်စေသည်။ သို့မှသာ ဝန်ကြီးချုပ်သည် လောလောလတ်လတ်ချမှတ်ထားသည့် မူဝါဒကြေညာချက်များကို စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

“လူမှုစရိတ်အကျပ်အတည်းကို ကိုယ်တွယ်ဖြေရှင်းဖို့ သူ့မှာ မှန်ကန်တဲ့ အစီအစဉ်ရှိထားတယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က Twitter တွင် ရေးသားခဲ့သည်။

ယခုအချိန်သည် ကွန်ဆာဗေးတစ်ပါတီဝင်အားလုံးက လစ်ထရက်စ်ကို ရာနှုန်းပြည့်ထောက်ခံရန် အချိန်ဖြစ်သည်ဟု ဂျွန်ဆင်က ဖော်ပြခဲ့သည်။ ခက်ခဲကြမ်းတမ်းသော ဖြုံလောက်စရာစိန်ခေါ်မှုများကို အမျိုးသမီးဝန်ကြီးချုပ်သစ် လစ်ထရက်စ် မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမလဲဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

Ref:The Conversation,AFP

Most Read

Most Recent