ကုလသမဂ္ဂ၏ အဏုမြူစောင့်ကြည့်ရေးအေဂျင်စီက စက်တင်ဘာ ၆ ရက်တွင် အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီကို အစီရင်ခံရန် စီစဉ်ထားခြင်းနှင့်အတူ ယူကရိန်း၏ ဇာပိုရီရှားနျူကလီးယားသုံးဓာတ်အားပေး စက်ရုံလက်နက်ကြီးဖြင့် တိုက်ခိုက်ခံရသဖြင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းစက်ရုံတွင် နောက်ဆုံးလည်ပတ်နေသော ဓာတ်ပေါင်းဖိုကို မဟာဓာတ်အားလိုင်းနှင့် အဆက်ဖြတ်တောက်ခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီတွင် ကျူးကျော်မှုစတင်ခဲ့ပြီး မကြာခင်မှာပင် ရုရှားသည် ယူကရိန်းတောင်ပိုင်းရှိ ခါဆန်နှင့် ဇာပိုရီရှားဒေသတို့ကို အများအပြားထိန်းချုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် ထည့်သွင်းခဲ့သည့်အတိုင်း ယခုလည်းအဆိုပါဒေသများကို လူထုဆန္ဒခံယူပွဲများမှတစ်ဆင့် ရုရှားနိုင်ငံထဲ ထည့်သွင်းရန် ရည်မှန်းလျက်ရှိသည်။
ဂျာမနီသို့ ဓာတ်ငွေ့ပေးပို့မှုများ ရပ်ဆိုင်းခြင်းအတွက် ရုရှားက အနောက်ပိတ်ဆို့မှုများကို အပြစ်တင်ခဲ့သည်။ ဥရောပ၌ ပဋိပက္ခဖြစ်ပွားနေသည့်အပြင် ဥရောပအကြီးဆုံး ဇာပိုရီရှားနျူကလီးယားသုံး ဓာတ်အားပေးစက်ရုံ၌ နျူကလီးယားဘေးအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်။
“ရုရှားရဲ့နောက်ထပ်တမင်တကာ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းဓာတ်အားပေးစနစ်နဲ့ စက်ရုံကို သွယ်တန်းထားတဲ့ နောက်ဆုံးဓာတ်အားပို့လွှတ်တဲ့လိုင်းဟာ ပျက်စီးသွားခဲ့ပါတယ်” ဟု စက်တင်ဘာ ၅ ရက်တွင် ပြောကြားသောမိန့်ခွန်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“ရုရှားရဲ့တမင်တကာ ရန်စမှုတဲ့လုပ်ရပ်ကြောင့် ဇာပိုရီရှားစက်ရုံဟာ ရေဒီယိုသတ္တိကြွ ဘေးအန္တရာယ်ဖြစ်မယ့်အနေအထားနဲ့ တစ်ဆင့်ပဲလိုပါတော့တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ရုရှားစစ်သားများကထိန်းချုပ်ထားသော နျူကလီးယားစက်ရုံကို ယူကရိန်းဝန်ထမ်းများက လည်ပတ်နေဆဲဖြစ်သည်။ သို့ရာတွင်ယခုအခါ ဇာပိုရီရှားစက်ရုံသည် စစ်ပွဲတွင် အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်လာသည်။
စက်ရုံအနီးကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းအားဖြင့် ချာနိုဘိုင်းကဲ့သို့သော ဘေးအန္တရာယ်ကို ဖန်တီးနေသည်ဟု ယူကရိန်းနှင့် ရုရှားတို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲလျက်ရှိသည်။
နောက်ဆုံးလည်ပတ်နေသော ဓာတ်ပေါင်းဖိုဖြစ်သည့် Power Unit No.6 ကို မဟာဓာတ်အားလိုုင်းနှင့် အဆက်ဖြတ်ထားလိုက်သည်ဟု ယူကရိန်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Energoatom က ထုတ်ပြန်ခဲ့သည်။ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရသဖြင့် မီးစတင်လောင်ခဲ့သောကြောင့် ယင်းသို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
မီးငြိှမ်းပြီးသည့်အခါ ဓာတ်အားလိုင်းကို ပြန်လည်ချိတ်ဆက်မည်ဟု ယူကရိန်းက အကြောင်းကြားခဲ့ကြောင်း နိုင်ငံတကာအဏုမြူအေဂျင်စီ (IAEA) က ပြောကြားခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်တွင် IAEA ပညာရှင်အဖွဲ့ ဇာပိုရီရှားစက်ရုံကို လာရောက်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် အဆိုပါမစ်ရှင်နှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်မည်ဟု သိရသည်။ ထို့အပြင် IAEA အကြီးအကဲ ရာဖေးလ်ဂရော့ဆီသည် စက်ရုံအခြေအနေကို လုံခြုံရေးကောင်စီထံ အစီရင်ခံမည်ဖြစ်သည်။














