ဘာစီလိုနာအသင်းမှ ဒတ်ချ်တောင်ပံကစားသမား ဒီပိုင်းအား ခေါ်ယူရန်ကြိုးပမ်းမှုကို လစာငွေညှိနှိုင်းမရမှုကြောင့် ဂျူဗင်တပ်စ်အသင်း လက်လျှော့ 

ဘာစီလိုနာအသင်းမှ ဒတ်ချ်တောင်ပံကစားသမား ဒီပိုင်းအား ခေါ်ယူရန်ကြိုးပမ်းမှုကို လစာငွေညှိနှိုင်းမရမှုကြောင့် ဂျူဗင်တပ်စ်အသင်း လက်လျှော့ 
Photo: Barca Universal
Photo: Barca Universal
Published 25 August 2022

ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာအသင်းမှ ဒတ်ချ်လက်ရွေးစင် တောင်ပံကစားသမား ဒီပိုင်းအား ခေါ်ယူရန်ကြိုးပမ်းမှုကို ဂျူဗင်တပ်စ်အသင်း လက်လျှော့လိုက်ပြီဟု နာမည်ကြီး အီတလီအားကစားဂျာနယ်လစ် ဂျီယန်လူကာဒီမာဇီယိုက Twitter တွင် ရေးသားခဲ့သည်။

ဂျူဗင်တပ်စ်အနေဖြင့် ဒီပိုင်းအစား မာဆေးလ်အသင်းမှ နာပိုလီတိုက်စစ်မှူးဟောင်း မီလစ်ခ်အား ပြောင်းလဲစိတ်ဝင်စားနေကြောင်း သိရသည်။

အသက်(၂၈)နှစ်အရွယ်ရှိ ဒီပိုင်းသည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းရှိနေသော်လည်း အသင်းမှ လစာငွေဘတ်ဂျက်ကို လျှော့ချရန်အတွက် စာချုပ်ဖျက်သိမ်းရန် နှစ်ဦးသဘောတူညီမှု ရရှိထားပြီဖြစ်သည်။

ဘာစီလိုနာအနေဖြင့် ခွန်ဒဲအား လာလီဂါပြိုင်ပွဲတွင် စာရင်းသွင်းရန်အတွက် ဒီပိုင်းအား အသင်းမှထွက်ခွာရန် အပူတပြင်း အလိုရှိနေခဲ့သည်။

ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ရရှိ ပြီးနောက် ဒီပိုင်းသည် ဂျူဗင်တပ်စ်အသင်းနှင့် တောက်လျှောက်သတင်းထွက်ခဲ့သော်လည်း ပြီးခဲ့သည့်အင်္ဂါနေ့က သူ၏ကိုယ်စားလှယ်များနှင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများ တွေ့ဆုံမှုမှာ သဘောတူညီမှုမရရှိဘဲ ပြီးဆုံးသွားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းက ဒီပိုင်းအား (၂)နှစ်သက်တမ်းရှိစာချုပ်အတွက် တစ်နှစ်လစာ ယူရို (၅)သန်း+ Add-ons  ကြေး ယူရို(၂)သန်းဖြင့် ကမ်းလှမ်းမှုကို သူ၏ကိုယ်စားလှယ်များက ပယ်ချခဲ့ခြင်းဖြစ်သည်။

ဒီပိုင်းသည် ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာငွေ ယူရို(၇)သန်းအထိ ရရှိလိုနေကြောင်း သိရသည်။

စပိန်သတင်းများတွင် ဂျူဗင်တပ်စ်အနေဖြင့် ထပ်မံကမ်းလှမ်းမည်ဟု ဖော်ပြနေသော်လည်း အီတလီမီဒီယာများကမူ အပြောင်းအရွှေ့ဇာတ်လမ်းပြီးဆုံးသွားမည်ဟု ယူဆလျက်ရှိသည်။ 

 

Most Read

Most Recent