ဘရာဇီးလ်ကြယ်ပွင့် အီစတယ်ဗိုနှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ချယ်လ်ဆီး ကြေညာခဲ့ပြီး အခြားကြယ်ပွင့်နှစ်ဦးကိုလည်း ခေါ်ယူရန် နီးစပ်နေ

ဘရာဇီးလ်ကြယ်ပွင့် အီစတယ်ဗိုနှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ချယ်လ်ဆီး ကြေညာခဲ့ပြီး အခြားကြယ်ပွင့်နှစ်ဦးကိုလည်း ခေါ်ယူရန် နီးစပ်နေ
Photos: Getty Images
Photos: Getty Images
Published 26 June 2024

 

ချယ်လ်ဆီးအသင်းသည် ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းမှ ဆယ်ကျော်သက်ကစားသမား အီစတယ်ဗိုအား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု အတည်ပြုကြေညာခဲ့ပြီး အခြားကြယ်ပွင့်နှစ်ဦးကိုလည်း ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်ဖွား တောင်ပံကစားသမား အီစတယ်ဗိုသည် လာမည့် ၂၀၂၅ ခုနှစ် နွေရာသီတွင် အသင်းနှင့်  ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချယ်လ်ဆီးက သတင်းထုတ်ပြန်ခဲ့သည်။ ချယ်လ်ဆီးအနေဖြင့် စာချုပ်သက်တမ်း အပါအဝင် စာချုပ်ပါအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုက သူ၏လူမှုကွန်ရက်တွင် စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ရေးသားခဲ့ပြီး ချယ်လ်ဆီးအသင်း အနေဖြင့် ကနဦး ယူရို (၃၄)သန်း ပေးချေရမည်ဖြစ်သည်။ 

ပါလ်မီးရပ်စ်အသင်းနှင့် ပွဲကစားမှုပေါ် Add-ons ကြေး ယူရို (၆)သန်း၊ ချယ်လ်ဆီးအသင်းနှင့် ရာသီအလိုက် ပွဲထွက်ခွင့်ရမှုအပေါ် Add-ons ကြေး ယူရို (၁၇)သန်း၊  အနာဂတ်အောင်မြင်မှုများအပေါ် Add-ons ကြေး ယူရို (၄)သန်းအပြင် Ballon d'Or ဆုရခဲ့လျှင် ပါလ်မီးရပ်စ် အသင်းကို ထပ်မံပေးချေရမည့် Add-ons ကြေး တစ်ရပ်လည်းပါဝင်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အီစတယ်ဗိုကို လာမည့်နှစ်မှစတင်ပြီး ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။ 

အီစတယ်ဗိုသည် အန်ဒရေဆန်းတို့စ်၊ ၀ါရှင်တန်၊ အန်ဂျယ်လိုစသည့် ဘရာဇီးလ်ကြယ်ပွင့်များကဲ့သို့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီး အသက်(၁၇)နှစ်အရွယ်ရှိ အီကွေဒေါတိုက်စစ်မှူး ကန်ဒရီပေ့ဇ်မှာလည်း ၂၀၂၅ ခုနှစ်တွင် အသင်းထံ ပြောင်းရွှေ့လာရန် အကြိုသဘောတူညီမှုရရှိထားကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဘိုကာဂျူနီယာအသင်းမှ  အာဂျင်တီးနားနောက်ခံအတွင်းလူ အန်ဆယ်မီနို၊ အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ကယ်လီမန်းစသည့် ကြယ်ပွင့်နှစ်ဦးကိုလည်း ခေါ်ယူရန် နီးစပ်နေပြီဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အသက်(၁၉)နှစ်အရွယ်ရှိ အန်ဆယ်မီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၂)သန်း နှင့် (၁၅)သန်းအကြား၊ အသက် (၁၈)နှစ်ရှိ ကယ်လီမန်းအတွက် ပေါင်(၁၉)သန်း အသုံး ပြုရဖွယ်ရှိသည်။ 

ချယ်လ်ဆီးအနေဖြင့် (၅)နှစ် သို့မဟုတ် (၆)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားရန် ဆွေးနွေးလျက်ရှိပြီး နည်းပြသစ် မာရက်စကာ၏ အသင်းကြီးလူစာရင်းတွင် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ အန်ဆယ်မီနိုမှာမူ ချယ်လ်ဆီးအသင်းပိုင်ရှင် BlueCo ကုမ္ပဏီမှ ပိုင်ဆိုင်သော ပြင်သစ်ကလပ်ဖြစ်သည့် စထရာဘိုးအသင်းထံ အငှားသွားကစားရဖွယ်ရှိနေသည်ဟု BBC Sport က ဖော်ပြခဲ့သည်။

Most Read

Most Recent