ဗီလာရီးယဲလ်အား (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘာစီလိုနာအသင်းနှင့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့ လာလီဂါမှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့

ဗီလာရီးယဲလ်အား (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘာစီလိုနာအသင်းနှင့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့ လာလီဂါမှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့
Photo: X
Photo: X
Published 23 September 2024

စက်တင်ဘာ (၂၂)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၆)ဗီလာရီးယဲလ် (၁-၅)ဘာစီလိုနာပွဲတွင် ဘာစီလိုနာအသင်းနှင့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့အနေဖြင့် လာလီဂါမှတ်တမ်းကောင်းများကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။

ဘာစီလိုနာအသင်းသည် နည်းပြသစ် ဟန်ဆီဖလစ်ခ်လက်အောက် ၂၀၂၄-၂၅ ရာသီ လာလီဂါပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်နေပြီး ယင်းမှာ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း အသင်း၏ လာလီဂါရာသီအဖွင့် အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် နည်းပြဟောင်း ဗယ်လ်ဗာဒီလက်ထက် ၂၀၁၇-၁၈ ရာသီက လာလီဂါရာသီအဖွင့်ပွဲစဉ် (၇)ပွဲဆက်တိုက်ကို အနိုင်ယူခဲ့ပြီးနောက် ယခုရာသီတွင် (၆)ပွဲဆက် အနိုင်ရလဒ်နှင့်အတူ (၇)နှစ်အတွင်း အသင်း၏ အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်း ဖြစ်လာခဲ့သည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် (၂၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယင်းမှာ (၂၁)ရာစုအတွင်း အသင်း၏ လာလီဂါရာသီအဖွင့် သွင်းဂိုးအများဆုံးစံချိန်မှတ်တမ်းဖြစ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဗယ်လ်ဗာဒီလက်ထက် ၂၀၁၇-၁၈ ရာသီက လာလီဂါရာသီအဖွင့်ပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် (၂၀)ဂိုးသွင်းယူကာ စံချိန်တင်နိုင်ခဲ့ပြီး ယခုအခါ ယင်းစံချိန်ဟောင်းအား (၂)ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗီလာရီးယဲလ်နှင့်ပွဲစဉ်၌ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့သည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးမှာလည်း ကစားသမားဘဝ လာလီဂါသွင်းဂိုး (၄၈)ဂိုးအထိရှိလာခဲ့ပြီး ဂျာအာဘန်၏ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပိုလန်ကစားသမားစံချိန်မှတ်တမ်းအား လိုက်မီခဲ့ကြောင်းသိရသည်။

လီဝန်ဒေါစကီး မတိုင်မီ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသည့် ပိုလန်ကစားသမားအဖြစ် တစ်ဦးတည်း စံချိန်တင်ထားသူမှာ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဂျန်အာဘန်ဖြစ်ပြီး အိုဆာဆူနာအသင်းနှင့်အတူ မှတ်တမ်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အသက် (၆၂)နှစ်အရွယ်ရှိပြီဖြစ်သည့် အာဘန်သည် အိုဆာဆူနာကစားသမားဘဝ ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ (၅)ရာသီအတွင်း လာလီဂါပွဲစဉ် (၁၇၇)ပွဲကစားရာတွင် (၄၈)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လီဝန်ဒေါစကီးက ၎င်း၏စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လီဝန်ဒေါစကီးသည် ဘာစီလိုနာအသင်းအတွက် (၃)ရာသီအတွင်း လာလီဂါပွဲစဉ် (၇၅)ပွဲ ကစားပြီးချိန်တွင် (၄၈)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး အာဘန်ထက် (၁၀၂)ပွဲအထိ လျော့ကစားကာ ဂိုးသွင်းစံချိန်ကို အလွယ်တကူ လိုက်မီခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် (၅)ဂိုးနှင့်အထက် သွင်းယူထားနိုင်သည့်ကစားသမား (၂)ဦး (လီဝန်ဒေါစကီး ၆ ဂိုး၊ ရာဖင်ညာ ၅ ဂိုး)အထိရှိနေပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပထမဆုံးစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent