ရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သည့် ဘာပေကို ဟာဇက် 2.0 ဟု ပရိသတ်များ လှောင်ပြောင်

ရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သည့် ဘာပေကို ဟာဇက် 2.0 ဟု ပရိသတ်များ လှောင်ပြောင်
Photo: SPORT
Photo: SPORT
Published 19 August 2024

မာယော့ကာအသင်းနှင့် သရေကျသည့် လာလီဂါရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ရီးယဲလ်အသင်းတိုက်စစ်မှူး ကီယန်အမ်ဘာပေကို ပရိသတ်များက ဟာဇက် 2.0 ဟု လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

လာလီဂါချန်ပီယံ ရီးယဲလ်အသင်းသည် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၈ ရက် ညပိုင်းက မာယောကာ့အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ပွဲအစ ၁၃ မိနစ်မှာပင် ရိုဒရီဂို၏ သွင်းဂိုးဖြင့် ရီးယဲလ်အသင်း ဦးဆောင်ခွင့်ရသော်လည်း ၅၃ မိနစ်တွင် ချေပဂိုးပြန်ပေးခဲ့ရပြီး ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသလို ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၇ မိနစ်တွင် ဘယ်နောက်ခံလူ မန်ဒီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဘာပေအနေဖြင့် ယင်းပွဲတွင် ပွဲချိန်ပြည့်ကစားခွင့်ရသော်လည်း ကန်သွင်းမှု လေးကြိမ်၊ ဘောလုံးထိချက် ၄၄ ကြိမ် (ပြိုင်ဘက်အသင်း ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၁၃ ကြိမ်) သာရှိခဲ့သလို ဘောလုံးဆုံးရှုံးမှု နှစ်ကြိမ်၊ သွင်းဂိုး၊ ဂိုးဖန်တီးမှုနှင့် အခွင့်အရေးဖန်တီးနိုင်မှု တစ်ကြိမ်ပင်မရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိသတ်များက ''ဟာဇက် 2.0 ကို ဒီနေရာမှာ ပထမဆုံးမြင်ဖူးတာပဲ''၊ ''အမ်ဘာပေအတွက် အကောင်းဆုံးနေရာက အရန်ခုံတန်းပဲ။ ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အပြောင်းအလဲလုပ်တာက အရမ်းနောက်ကျတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အချိန်နှစ်နာရီ ဖြုန်းမိတာပဲ''၊ ''လယ်သမားတွေအတွက် မဟုတ်တဲ့လိဂ်ကို ရောက်လာတယ်ဆိုတာ အမ်ဘာပေ မြင်သွားပြီ'' ဟု လူမှုမီဒီယာ X တွင် ရေးသားဝေဖန်ခဲ့ကြသည်။

Most Read

Most Recent