ပန်ခရိယကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် နာမည်ကျော်နည်းပြဟောင်း အဲရစ်ဆင်ကို ဘောလုံးလောကမှ ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်များ ဝမ်းနည်းစကားဆို

ပန်ခရိယကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် နာမည်ကျော်နည်းပြဟောင်း အဲရစ်ဆင်ကို ဘောလုံးလောကမှ ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်များ ဝမ်းနည်းစကားဆို
Photo: Liverpool
Photo: Liverpool
Published 28 August 2024

 

သြဂုတ် ၂၆ ရက်က ပန်ခရိယကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် နာမည်ကျော်နည်းပြဟောင်း ဆဗန်ဂိုရန်အဲရစ်ဆင် ကို ဘောလုံးလောကမှ ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်များက ဝမ်းနည်းစကားများ အသီးသီးပြောကြားခဲ့ကြသည်။

အဲရစ်ဆင်သည် သြဂုတ် ၂၆ ရက်တွင် ၎င်း၏နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သူ၏မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဲရစ်ဆင်သည် ဘောလုံးသမားဘဝကို ညာနောက်ခံလူတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး နည်းပြဘဝတွင် နှစ်ပေါင်း ၄၀ ကျော် ကျင်လည်ခဲ့သူဖြစ်သည်။ 

၎င်းသည် မန်စီးတီး၊ လက်စတာ၊ ရိုးမားနှင့် လာဇီယို စသည့်ကလပ်များအပြင် လက်ရွေးစင်အသင်းများပါ ကိုင်တွယ်ခဲ့သူဖြစ်ပြီး လာဇီယိုအသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု ရရှိခဲ့သည်။ အဲရစ်ဆင် သည် လာဇီယိုအသင်းတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး အင်္ဂလန်အသင်း၏ ပထမဆုံးပြည်ပနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

၎င်းသည် ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် နည်းပြဘဝမှ အနားယူခဲ့ခြင်း ဖြစ်သည်။ အဲရစ်ဆင်က ပန်ခရိယကင်ဆာ ခံစားနေရသောကြောင့် တစ်နှစ်အတွင်း သေဆုံးတော့မည်ဖြစ်ကြောင်း ၂၀၂၄ ဇန်နဝါရီ တွင် အတည်ပြုကြေညာခဲ့ပြီးနောက် ၎င်း၏ ဆန္ဒအတိုင်း ရန်ပုံငွေခြေစမ်းပွဲတွင် လီဗာပူးလ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ 

ဒေးဗစ်ဘက်ခမ်က "ဆဗန်ရေ၊ ခင်ဗျားရဲ့အမြဲတမ်းရှိခဲ့တဲ့ စိတ်အားထက်သန်မှု၊ ဂရုစိုက်မှု၊ တည်ငြိမ်မှု၊ လူကြီးလူကောင်းဆန်မှုတွေအတွက် ထာဝရကျေးဇူးတင်နေမှာပါ။ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်အောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အမြဲတမ်းကျေးဇူး တင်ပါတယ်"ဟု ပြောကြားခဲ့သည်။ ရွန်နီက "ငြိမ်းချမ်းစွာအနားယူပါ ဆဗန်၊ ခင်ဗျားရဲ့ ကူညီမှု၊ အကြံပေးမှုအားလုံးနဲ့ အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်။ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ လက်ရှိ အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းက "ဆဗန်လက်အောက်မှာ ကျွန်တော် မကစားခဲ့ရပါဘူး။ ဒါပေမဲ့ သူဟာ ဘယ်လိုလေးစားစရာကောင်းလဲဆိုတာ ကျွန်တော် သိပါတယ်။ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်"ဟု ဆိုခဲ့ သည်။ တယ်ရီက "ကြီးကျယ်ခမ်းနားတဲ့ မန်နေဂျာနဲ့ လူသားဆန်တဲ့ ထိပ်တန်းမန်နေဂျာတစ်ဦး"ဟု ဖွင့်ဟခဲ့သည်။ လမ်းပတ်က "အင်္ဂလန်ကစားသမားဘဝမှာ ကျွန်တော့်ကို ယုံကြည်ပြီး ထောက်ခံအားပေးခဲ့တဲ့ သူ့ကို ထာဝရ ကျေးဇူးတင်နေမှာပါ"ဟု ပြောကြားခဲ့သည်။ ခရော့ချ်၊ မီကာရစ်ချတ်စ်၊ ဂျိုးဟတ်၊ ကက်စပါရှမိုက်ကယ်၊ ဆီမြွန်နီအင်ဇာဂီတို့မှလည်း ဝမ်းနည်းကြောင်းစကားဆိုခဲ့ပြီး ထိပ်တန်းကလပ်အများအပြားမှ ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။