NCA လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်သည့် EAO များ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် တာဝန်ထမ်းဆောင်ခွင့် ဆောင်ရွက်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

NCA လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်သည့် EAO များ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် တာဝန်ထမ်းဆောင်ခွင့် ဆောင်ရွက်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 23 August 2022

NCA လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များ  တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် တာဝန်ထမ်းဆောင်ခွင့်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟူ၍ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံရေးဦးတည်ချက်တွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည်ကို နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးက လိုလားကြကြောင်း၊ နိုင်ငံသားဆိုရာတွင် တိုင်းရင်းသားများမှ ပေါက်ဖွားလာသည့် နိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများလည်းရှိကြောင်း၊ အဆိုပါပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အတိုင်း အလေးထားလုပ်ဆောင်သွားရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း ပြောကြားသည်။ 

မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ပေါ်တွင် အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များနှင့် သဘောတူညီချက်များ ရရှိပြီး လက်မှတ်ရေးထိုးနိုင်သည်အထိ အကြိမ်ကြိမ်ထပ်မံဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန် လွှတ်တော်များ ပြန်လည်ကျင်းပချိန်တွင် ငြိမ်းချမ်းရေးညီလာခံကို ပြန်လည်ကျင်းပပြုလုပ်၍ လွှတ်တော်အမတ်များနှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်၍ ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဥပဒေများရေးဆွဲရန် ကျန်ရှိနေသေးကြောင်း၊ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးချိန်တွင် ဆက်လက်ဆောင်ရွက်သွားနိုင်ရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများ ရရှိရန်အတွက် နိုင်ငံရေး စင်မြင့်လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့်ညီညွတ်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါကလည်း တပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်များတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း၊ သို့သော်ပြည်သူများ ထိခိုက်နစ်နာမှုများဖြစ်အောင် ဆောင်ရွက်ခဲ့သည်များရှိပါက နစ်နာသူများက တောင်းဆိုလျှင် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အလျဉ်းသင့်သည့်အချိန်များတွင် ဆွေးနွေးတိုက်တွန်းစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း အစွန်အဖျားပိုင်းသည် သွားလာရေးကန့်သတ်ချက်ရှိသဖြင့် PDF များ၊ EAO များ စိတ်ဝင်စားကြောင်း၊ လက်နက်၊ ခဲယမ်းများ ပိုမိုစုဆောင်းလာသည်ကို တွေ့ရကြောင်း၊ EAO များအနေဖြင့် ၎င်းတို့ နယ်မြေပြင်ပတွင် တိုက်ပွဲများဖြစ်ပွားရန် ပိုမိုလိုလားပုံဖော်နေသည်ကိုတွေ့ရ၍ လုံခြုံရေးအသိ၊ သတိနှင့် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent