ဗိုလ်တထောင် မြို့နယ် ဘိုကလေးစျေး အနီးတွင်  ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခံရ

ဗိုလ်တထောင် မြို့နယ် ဘိုကလေးစျေး အနီးတွင်  ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
Published 28 July 2022

ဗိုလ်တထောင်မြို့နယ် ဘိုကလေးစျေးအနီးတွင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရမှု ဇူလိုင် ၂၈ ရက် ၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက် ၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဗိုလ်တထောင်မြို့နယ် ၊ ကုန်သည်လမ်း ၊ ဘိုကလေးစျေးအနီး ၊ ၄၂ လမ်းထိပ်တွင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

“၄၂ လမ်းထိပ် ဘိုကလေးစျေးအနီးမှာ ပစ်ခံရတာ။သူက ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ပေါင် ၊ လက်နဲ့ ရင်ဘတ်ထိတယ်လို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသဖြင့် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခြင်းမရှိခဲ့ကြောင်း လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ပစ်ခံရတဲ့နေရာမှာတော့ မသေပါဘူး။ဆေးရုံကိုပို့လိုက်ကြတယ်။ဆေးရုံမှာတော့ ဘယ်လိုအခြေအနေလဲတော့ မသိရသေးဘူး”ဟု အခင်းဖြစ်ပွားရာနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။