ဒေါ်​အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီး​ဟောင်းသုံးဦးနှင့် ​ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအား တရားသူကြီး ​ပြောင်းလဲစစ်​ဆေးမည်

ဒေါ်​အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီး​ဟောင်းသုံးဦးနှင့် ​ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအား တရားသူကြီး ​ပြောင်းလဲစစ်​ဆေးမည်
Published 21 July 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက် ယခင်စစ်ဆေးနေသည့် ခရိုင်တရားသူကြီး ခွင့်ယူထားသဖြင့် တရားသူကြီး အသစ်တစ်ဦးမှ အမှုအား လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇူလိုင် ၂၁ ရက်က ​​နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့သော်လည်း ဝန်ကြီးဟောင်း ဦးစိုးဝင်းသည် ကျန်းမာရေးအရ အာမခံရရှိထားခြင်းကြောင့် ရုံးရှေ့သို့ လာရောက်ခဲ့ခြင်းရှိ၊ မရှိ သိရှိရခြင်း မရှိပေ။

အထက်ပါအမှုနှင့်ပတ်သက်၍ ယခင်က တာဝန်ယူ စစ်ဆေးခဲ့သည့် ဒက္ခိဏခရိုင်တရားသူကြီးသည် ကျန်းမာရေးအရ ခွင့်ယူထားသည့်အတွက် တရားသူကြီး အသစ်တစ်ဦးမှ အမှုအား လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည် ရုံးချိန်းများက ခရိုင်တရားသူကြီး ကျန်းမာရေးအရ ခွင့်ယူထားခြင်းကြောင့် အမှုအား စစ်​​ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆို​​နေသော်လည်း တရားသူကြီး အသစ်တစ်ဦးအား အစားထိုးလိုက်ခြင်းကြောင့် လာမည့်ရုံးချိန်းမှစတင်၍ အမှုအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုတွင် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ မူရင်းစွဲဆိုထားသည် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်း သုံးဦးအား ပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် စွဲချက်ထားကြောင်းနှင့် ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် ကျန်ရှိနေသော ပြန်ခေါ်သက်သေ ရဲအရာရှိကြီးတစ်ဦးအား စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ရဲမှူးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၃(၁)(ဂ)/၉ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ဇူလိုင် ၂၈ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)တွင် " မည်သူမဆို နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေသော ရည်ရွက်ချက်ဖြင့်" ဟု ဖော်ပြထားပြီး ပုဒ်မ(ဂ)တွင် "ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ကြံရွယ်၍ အစိုးရ လျှို့ဝှက်သင်္ကေတ(Code)၊ ကင်းစကားဝှက်(Password)၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာရွက်စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကို ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်းပြုလျှင် သို့မဟုတ် သူတစ်ပါးဆက်သွယ်သိရှိစေလျှင် လည်းကောင်း"၊ " ထိုပြစ်မှုသည် တပ်မတော်လုပ်ငန်း၊ လက်နက်တိုက်၊ ကြည်းတပ်၊ ရေတပ်၊ လေတပ် တည်ရှိရာ၊ ချထားရာနေရာတစ်ခုခု၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုင်ရာ မိုင်း၊ မိုင်းတွင်း၊ အလုပ်ရုံ၊ သ​​​င်္ဘောကျင်း၊ စခန်း၊ သ​​င်္ဘောနှင့် လေယာဉ်တစ်ခုခုနှင့်သက်ဆိုင်လျှင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်း ခံရမည်။ အခြားပြစ်မှုနှင့် သက်ဆိုင်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်း ခံရမည်" ဟု ပြဌာန်းထားကြောင်း သိရသည်။

Most Read

Most Recent