KNDO စစ်ဦးစီးချုပ်တာဝန်မှရပ်ဆိုင်းထားသည့် စောနယ်ဒါးမြ၏ ကော်သူးလေတပ်မတော် ဖွဲ့စည်းရေးသည် KNU ၊ KNLA နှင့် ပတ်သက်ခြင်းမရှိကြောင်းနှင့် ၎င်းကို KNU အဖွဲ့မှထုတ်ပယ်ကြောင်း ကြေညာ

KNDO စစ်ဦးစီးချုပ်တာဝန်မှရပ်ဆိုင်းထားသည့် စောနယ်ဒါးမြ၏ ကော်သူးလေတပ်မတော် ဖွဲ့စည်းရေးသည် KNU ၊ KNLA နှင့် ပတ်သက်ခြင်းမရှိကြောင်းနှင့် ၎င်းကို KNU အဖွဲ့မှထုတ်ပယ်ကြောင်း ကြေညာ
(Photo : KNDO)
(Photo : KNDO)
Published 21 July 2022

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ စောနယ်ဒါးမြအား KNU အဖွဲ့မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း KNU ဗဟိုက ဇူလိုင် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက်တွင် KAWTHOOLEI ARMY(ကော်သူးလေတပ်မတော်) ၏ စစ်ဦးစီးချုပ်အဖြစ် စောနယ်ဒါးမြကိုယ်တိုင် သတ်မှတ်ခန့်အပ် လက်မှတ်ရေးထိုးထုတ်ပြန်မှုတစ်ခု လူမှုကွန်ရက်တွင် ပေါ်ပေါက်ခဲ့ပြီး အဆိုပါအခြေအနေသည် ကရင်အမျိုး သားတော်လှန်ရေး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ရှုပ်ထွေးမှု ဖြစ်စေသော ဖွဲ့စည်းမှုတစ်ရပ်ကို စောနယ်ဒါးမြက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟို၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် KNU ကာကွယ်ရေးဌာနက စောနယ်ဒါးမြအား ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ၎င်းစတင် တာဝန်ထမ်းဆောင်ချိန် မှစတင်၍ စစ်ဦးစီးချုပ်နှင့် KNU ၏ အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးအနေဖြင့် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ တာဝန်ဝတ္တရားများကို ချိုးဖောက်လေ့ရှိခဲ့ပြီး ဦးဆောင်တည့်မတ်ခဲ့ရမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အမှုအတွက် ပြုလုပ်သော စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်ကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စောနယ်ဒါးမြအား KNDO စစ်ဦးစီးချုပ်တာဝန်မှ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဗိုလ်မှူးကြီး စောရှီးလေအား ယာယီ အစားထိုး တာဝန်ပေးအပ်ခဲ့ကြောင်းလည်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စောနယ်ဒါးမြသည် KNU မှ ဖွဲ့စည်းထားသည့် “လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီ” ၏ အကြိုကာလ လုပ်ငန်းစဉ်၊ စုံစမ်းစစ်ဆေးရေးကာလ လုပ်ငန်းစဉ်နှင့် အဆုံးသတ်လုပ်ငန်းစဉ်စသည့် လုပ်ငန်းစဉ်အဆင့်ဆင့် တွင် ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်ယူ၊ တာဝန်ခံစွာဖြင့် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခဲ့ပြီး နောက်ဆုံးတွင် KNU ၏ တရားစီရင်ရေးလုပ််ငန်းစဉ်ကို ဆန့်ကျင်ရှောင်လွှဲခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

ထို့ကြောင့် စောနယ်ဒါးမြအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တွင် KNU ၏ တာဝန်နှင့် ရာထူးများမှ လုံးဝ ရပ်ဆိုင်းခဲ့ပြီး လစ်လပ်သွားသည့် KNDO စစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး စောရှီးလေအား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် အစားထိုးတာဝန်ပေးအပ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

စောနယ်ဒါးမြ၏ လုပ်ရပ်များကြောင့် ဇွန်လဆန်းပိုင်းက လူမှုကွန်ရက်တွင် ပြန်နှံ့ခဲ့သည့် ဥကရစ်ထစခန်းမှ ဖမ်းဆီးခြင်းခံခဲ့ရသည့် စစ်သုံးပန့်များအား ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ်ရာ ပါဝင်ပတ်သက်မှုများအား KNU ၏ တရားစီရင်ရေးဘောင်ထဲသို့ ပို့ဆောင်စစ်ဆေးသည့် လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေခဲ့သည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စောနယ်ဒါးမြ၏ စစ်ဦးစီးချုပ်အဖြစ် ဇူလိုင် ၁၉ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် KAWTHOOLEI ARMY ဖွဲ့စည်းရေးသည် KNU ၊ KNLA နှင့် ပတ်သက်ခြင်း မရှိကြောင်း နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်တွင်း၊ ပြည်ပပြည်သူလူထုနှင့် တော်လှန်ရေးအဖွဲ့အစည်းများသို့ အသိပေးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ထို့ပြင် စောနယ်ဒါးမြသည် KNU ၊ KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်ပြီး မိခင် KNU မှ ခွဲထွက်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပြုလုပ်သည့် တွေ့ဆုံညှိနှိုင်းမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းသည် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ဖွဲ့စည်းသည့် KNU/KNLA-PC ၏ ကနဦး ဖွဲ့စည်းမှုတွင် အတွင်းရေးမှူး-၁ အဖြစ် ပါဝင်ခဲ့ကြောင်း၊ သို့သော် ၎င်းအဖွဲ့အစည်း ဖွဲ့စည်းမှုတွင် အမည်နာမအားဖြင့် ကိုယ်တိုင်မပါဝင်ဘဲ ထည့်သွင်းဖော်ပြခြင်းခံရသူ ခေါင်းဆောင်အသီးသီးက ၎င်းအဖွဲ့အစည်းနှင့် ကင်းရှင်း ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာမှု အသီးသီး ပြုလုပ်ခဲ့ကြသော်လည်း စောနယ်ဒါးမြသည် ယင်းသို့ တရားဝင် ထုတ်ပြန်ကြေညာရန် ပျက်ကွက်ခဲ့ကြောင်းလည်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

စောနယ်ဒါးမြသည် ကာကွယ်ရေးဌာနနှင့် KNLA ၏ စည်းမျဉ်း၊ စည်းကမ်းများ၊ တပ်မှူးများ အစည်းအဝေး ဆုံးဖြတ်ချက်များအား လိုက်နာရန် ပျက်ကွက်မှုများစွာ ရှိခဲ့ပြီး ၎င်း၏ သဘောဖြင့် နိုင်ငံရပ်ခြားတွင် KNDO အဖွဲ့အစည်းကို ဖွဲ့စည်းပြီး ရာထူးပေးအပ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများအား တရားမဝင် ပြုလုပ်ခဲ့ကြောင်းလည်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

Most Read

Most Recent