ချောင်းဦးမြို့နယ်တွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်များ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ်တွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်များ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ
Published 13 July 2022

ချောင်းဦးမြို့နယ်တွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်များ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာအနီး မုံရွာ-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် ၇၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား၌ ခရီးသည်တင်ယာဉ်တစ်စီးအား အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ခရီသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “ရွှေသလ္လာ” ခရီးသည်တင်ယာဉ်သည် မုံရွာမြို့မှ ခရီးသည် ၁၂ ဦးတင်ဆောင်ကာ မန္တလေးမြို့သို့ မုံရွာ-မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ နောက်၊ ဘေးလေကာမှန်များနှင့် ဘီးလေးဘီးစလုံးကွဲကာ ယာဉ်မောင်း ကိုအောင်မိုးဟိန်း၊ အကူယာဉ်မောင်း ဦးလှဝင်းမောင်၊ ယာဉ်နောက်လိုက် ကိုရန်အောင်ထွန်းနှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသည့် ခရီးသည်ကိုးဦးတို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီရေးယာဉ် ခုနစ်စီးဖြင့်တင်ဆောင် ကာ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင် စဉ် အခင်းဖြစ်စဉ်နေရာနှင့် ၁ ဖာလုံခန့်အကွာသို့အရောက်၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်မှုမရှိသော်လည်း လူမှုကူညီရေးယာဉ်တစ်စီး၏ အနောက်လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လမ်းမကြီးပေါ်၌ သွားလာနေသည့် ခရီးသည်တင်မော်တော်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

Most Read

Most Recent