ရေမြင့်မှ ကြာတင့်မည်

ရေမြင့်မှ ကြာတင့်မည်
Published 4 July 2022

ပညာရေးဟူသည် လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများနှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းစဉ်များဖြစ်ကြသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများကို ပေးသော လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီး၌ ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း၊ မကောင်း မှန်၊မမှန် ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင် ရှိနေမှန်း သိနိုင်သည့် အသိတရားသည်လည်း ပညာဟု ဆိုရပေလိမ့်မည်။ ထို့ပြင်ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း ရည်မှန်းချက်လည်းရှိရမည်ဖြစ်သည်။

ပညာရေး၏ရည်မှန်းချက်သည် တစ်ဦးတစ်ယောက်၏ အကြံဉာဏ်စိတ်ကူးများကို အခြားတစ်ဦးတစ်ယောက်သို့ လွှဲပြောင်းပေးရန် သို့မဟုတ် တစ်ယောက်မှ တစ်စုသို့ လွှဲပြောင်းပေးရန်ဖြစ်သည်။ လက်ရှိပညာရေးကို ပိုင်းဖြတ်ရာတွင် အရေးအကြီးဆုံး အချက်သည် နည်းစနစ် (Method) ဖြစ်သည်။ မည်သည့်နည်းစနစ်ကိုသုံးခြင်းက အထိရောက်ဆုံးဖြစ်မည်နည်း၊ မည်သို့သော အသိပညာများ ရရှိစေရန် သင်ကြားပေးသင့်သနည်း၊ မည်သည့်အသိပညာသည် အဆီလျော်ဆုံးဖြစ်မည်နည်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ရရှိထားပြီးသား အသိပညာကို မည်သို့ဆက်လက်ထိန်းသိမ်းထားအောင် ကြံဆောင်မည်နည်း စသည့်အချက်များသည် ပညာရေးနှင့်ပတ်သက်၍ အလေးထားစဉ်းစားရမည့်အချက်များ ဖြစ်သည်။ ဂျော့ခ်ကောင့်စ်နှင့် ပေါ်လိဖရေရီအစရှိသော ပညာရှင်များက ပညာရေးဟူသည် ပင်ကိုယ်ရှိပြီးသား နိုင်ငံရေးဖြစ်စဉ်တစ်ခုကို နိုင်ငံရေးရလဒ်တစ်ခုအဖြစ် ဖော်ထုတ်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ အစဉ်အလာပညာရေးနှင့် အစဉ်အလာမဟုတ်သည့် ပညာရေးစနစ်နှစ်ခုစလုံးတွင် မည်သူ၏ စိတ်ကူးအိုင်ဒီယာကို အသုံးပြုမည်၊ သူတို့၏ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်ကို သိရန်ကိစ္စတို့သည်ပင်လျှင် စိန်ခေါ်မှုကြီးတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။

အရေး၊ အဖတ်၊ အတွက်ဟု ဆိုကြသည့် ‘အ’ သုံးလုံးစနစ်သည် အနောက်တိုင်း မူလတန်းနှင့် အလယ်တန်းအဆင့်များ၌ အခြေခံအဖြစ် သင်ကြားကြရသည့် ပညာရေးဖြစ်သည်။ ‘အ’ သုံးလုံးနှင့်ပတ်သက်ပြီး သမိုင်း၊ ပထဝီ၊ သချင်္ာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် တစ်ခါတစ်ရံ နိုင်ငံရေးကိုပါ သင်ကြားကြရသည်။ အသက်အရွယ်အပိုင်းအခြားအလိုက် သင်ကြားကြရသည့်ပညာရေးဖြစ်ပြီး စာမတတ်သူများအတွက် ရည်စူးသည့် ပညာရေးမျိုး မဟုတ်ပေ။ လက်ရှိပညာရေးစနစ်သည် တတ်မြောက်မှုအရည်အချင်းကို တိုင်းတာစစ်ဆေးသည့် ပညာမျိုးသာ ဖြစ်နေသေးသည်။ စမ်းသပ်စစ်ဆေးမှုကို အဆင့်များဖြင့် သတ်မှတ်သည့် ပညာရေးလည်းဖြစ်သည်။ အဆင့်ဆိုသည်မှာ ရာခိုင်နှုန်းနှင့်ဖြစ်စေ၊ ကိန်းဂဏန်းနှင့်ဖြစ်စေ ထုတ်ပြန်ခြင်းဖြစ်ပြီး စာသင်ခန်းတစ်ခန်း သို့မဟုတ် ကျောင်းသားအားလုံးက လက်ခံထားသည့် သတ်မှတ်ချက်တစ်ရပ်လည်း ဖြစ်သည်။ ပညာ၏ဦးတည်ချက်သည် ကျောင်းသားကျောင်းသူများ၏ အားသာချက် သို့မဟုတ် အားနည်းချက်ကို ထုတ်ဖော်ဖွင့်ချရန် မဟုတ်ပေ။ သင်ကြားမှုသင်ယူမှု ဖြစ်စဉ်တစ်ရပ်တွင် ကျောင်းသားတစ်ဦး၏ လစ်ဟင်းချက်သည် ကျောင်းသင်ပညာရေးကို မည်မျှအတိုင်းအတာအထိ သက်ရောက်မှုရှိသည်ကို ဆန်းစစ်ရန်ဖြစ်သည်။ လက်ရှိအဆင့်သတ်မှတ်သည့် ပညာရေးစနစ်သည် မိမိကိုယ်မိမိ ယုံကြည်စိတ်၊ အထင်ကြီးစိတ်များကို လျော့ပါးစေပြီး အန္တရာယ်များလှသည်ဟုဆိုကြသည်။ အဆင့်နိမ့်သူ သို့မဟုတ် အမှတ်နည်းသူသည် စိတ်ဓာတ်ကျတတ်သည်မှာကား အမှန်ပင်ဖြစ်သည်။ ပညာရေးတွင် အခြားထည့်သွင်းစဉ်းစားသင့်သည့်အချက်များမှာ ဆင်းရဲမွဲတေမှုနှင့် ကလေးသူငယ်ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများဖြစ်သည်။ ဆရာများ၏ မလိုမုန်းထားစိတ်နှင့် အရည်အသွေးညံ့ဖျင်းခြင်းတို့သည်လည်း အရေးကြီးသည့်အချက်များဖြစ်သည်။

ကလေးတိုင်းသည် ပါရမီရှင်များ၊ စွမ်းရည်ရှိသူများဖြစ်သည်။ ကလေးများ၏ဉာဏ်ရည် စောစီးစွာ ဖွံ့ဖြိုးခြင်း သို့မဟုတ် နောက်ကျမှ ဖွံ့ဖြိုးခြင်းများ ဖြစ်လာစေရန် အကူအညီအမှန်ပင် လိုအပ်သည်။ ပင်ကိုယ်လည်းရှိ၊ အထောက်အပံ့လည်း ကောင်းလျှင် ထူးသူသည် ချွန်ထွက်သွားမည်မှာ သေချာသည်။ ဘာသာရပ်တစ်ခုကို သင်ကြားခြင်းနှင့် စစ်ဆေးခြင်းသည် ရှိကိုရှိနေရမည်သာဖြစ်သည်။ သို့သော် သိပြီးသားများကို ပြန်လည်သင်ကြားခြင်းပြုရန် မလိုပေ။ သင်ကြားမှုကို အကောင်းဆုံးနှင့် စည်းကမ်းအရှိဆုံး အလိုက်နာနိုင်ဆုံးသူသည် အတော်ဆုံးဖြစ်လိမ့်မည်ဟူသည့် သီအိုရီသည် မမှန်ဟုဆိုငြား လက်ခံလိုက်နာကျင့်သုံးနေကြသည်သာဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ “ရေမြင့်မှ ကြာတင့်မည်” ဟူသည့် ဆိုရိုးစကားအတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားတို့၏ ပညာရည်မြင့်မားမှသာလျှင် ယင်းနိုင်ငံသည် ကမ္ဘာ့အလယ်၌ တင့်တယ်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်  ၅  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent