တောင်ကိုရီးယားသားချန်ဂျီ (သို့မဟုတ်) ယူကရိန်းစစ်ပွဲထဲ ဝင်ရောက်စွန့်စားသူ

တောင်ကိုရီးယားသားချန်ဂျီ (သို့မဟုတ်) ယူကရိန်းစစ်ပွဲထဲ ဝင်ရောက်စွန့်စားသူ
Published 28 June 2022
ဇင်မျိုး

ချန်ဂျီသည် တောင်ကိုရီးယားရေတပ်၏အထူးတပ်သားဟောင်းဖြစ်၍ တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာကာ ယူကရိန်းအတွက် တိုက်ခိုက်ပေးသဖြင့် ထောင်ကျမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ ယူကရိန်းကို ကူညီရန်  သူ၏ကျွမ်းကျင်ပညာများကို အသုံးမချခြင်းမှာ ရာဇဝတ်မှုဖြစ်လိမ့်မည်ဟု သူက ပြောသည်။ သူသည် Youtube တွင် Channel ထောင်ကာ သူ၏ယူကရိန်းအတွေ့အကြုံများကို တင်ဆက်ပေးနေသည့် YouTuber တစ်ဦးလည်းဖြစ်သည်။

ကိယက်ဗ်အနီးက ရှေ့တန်းစစ်မျက်နှာများ၌ ကူညီတိုက်ခိုက်ပေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ဆန္ဒအလျောက်စစ်ထဲဝင်လိုသူများအား မတ်လအစောပိုင်းတွင် မေတ္တာရပ်ခံခဲ့ပြီး နောက်အထူးစစ်ဆင်ရေးတပ်သားဟောင်းတစ်ဦးဖြစ်သည့် ချန်ဂျီသည် ဆိုးလ်မြို့ရှိ ယူကရိန်းသံရုံးတွင် စာရင်းပေးလိုက်သည်။

ယူကရိန်းကို သွားရန် သူသည်တောင်ကိုရီးယားဥပဒေကို ချိုးဖောက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသားများ ယူကရိန်းကို မသွားရဟု တောင်ကိုရီးယားအစိုးရက တားမြစ်ထားသည်။

သူ့တွင် ဖော်လိုဝါ ၇၀၀၀၀၀ ရှိသည့် YouTube Channel ရှိသည်။ ယူကရိန်းမှ သူ့အတွေ့အကြုံအများစုကို သူ၏နာမည်ကျော် Instagram မှတစ်ဆင့် နေ့စဉ်တင်သည်။ နာမည်ကျော်တစ်ဦးဖြစ်နေသည့် စစ်သားဟောင်းက ယူကရိန်းကို သွားခဲ့ခြင်းအတွက် နောင်တမရဟု ပြောသည်။

“ကျွန်တော်တို့ဟာ ကမ်းခြေမှာ လမ်းလျှောက်နေကြတယ်။ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း တွေ့ရမယ်။ ဒါပေမဲ့လူတစ်ယောက် ရေနစ်တာကို ခင်ဗျားမြင်တယ်။ အဲဒါကိုမကူညီဘူးဆိုရင် ဒါဟာ ရာဇဝတ်မှုပါပဲ။ ယူကရိန်းကိစ္စကိုလည်း ကျွန်တော် ဒီလိုပဲမြင်ပါတယ်” ဟု သူက အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။

ချန်ဂျီကို တောင်ကိုရီးယားနိုင်ငံတွင် မွေးသည်။ သို့ရာတွင် သူသည် အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သည်။ သူသည် ဗာဂျီးနီးယားစစ်တက္ကသိုလ်ကို တက်ရောက်ခဲ့သည်။ အမေရိကန်ရေတပ်၏ အထူးတပ်ကို ဝင်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် မျိုးချစ်တစ်ဦးဖြစ်သည့် ဖခင်က သူ့ကို တောင်ကိုရီးယားသို့ ပြန်စေပြီး တောင်ကိုရီးယားတွင် စစ်မှုထမ်းစေခဲ့သည်။

ချန်ဂျီသည် တောင်ကိုရီးယားတွင် ခုနစ်နှစ်ကြာ စစ်မှုထမ်းခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယားရေတပ် အထူးစစ်ဆင်ရေးသင်တန်းများကို တက်ရောက်ခဲ့သည်။ ဆိုမာလီယာနှင့် အီရတ်တို့မှ စစ်ပွဲများတွင် အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။ တောင်ကိုရီးယားစစ်တပ်မှထွက်ကာ ကာကွယ်ရေးအကျိုးဆောင်လုပ်ငန်းကို ထူထောင်ခဲ့သည်။

“ကျွန်တော့်မှာ ကျွမ်းကျင်မှုတွေရှိတယ်။ အတွေ့အကြုံရှိတယ်။ မတူညီတဲ့ စစ်ပွဲနှစ်ပွဲမှာ ပါဝင်ခဲ့တယ်။ ယူကရိန်းကို သွားခဲ့တယ်။ အကူအညီပေးနိုင်တယ်ဆိုတာကို ကျွန်တော် သိနေတယ်” ဟု သူက ပြောသည်။ တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်ဥပဒေကိုချိုးဖောက်၍ နိုင်ငံမှ ထွက်ခွာခဲ့ခြင်းမှာ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် သဘောသာဖြစ်သည်ဟု သူက ပြောသည်။

ကိုရီးယားပြည်သူများ၏ တု့ံပြန်မှု

YouTube နာမည်ကျော်စီးရီးဖြစ်သည့် Fake Men တွင် လေ့ကျင့်ပေးသူအဖြစ် ချန်ဂျီ တစ်ဟုန်ထိုးကျော်ကြားသွားရာ တောင်ကိုရီးယားနိုင်ငံတွင် တုံ့ပြန်မှုက မြန်ဆန်၍ သည်းမခံနိုင်သည့် အနေအထားဖြစ်နေသည်။

“ချက်ချင်းတု့ံပြန်ကြတာပါ။ တောင်ကိုရီးယားပြည်သူတွေက ဥပဒေချိုးဖောက်တယ်ဆိုပြီး ကျွန်တော့်ကို ဝေဖန်ကြပါတယ်” ဟု ချန်ဂျီက ပြောသည်။

အသက် ၃၈ နှစ်ရှိ ချန်ဂျီ၏ဆုံးဖြတ်ချက်သည် ပြစ်မှုဆိုင်ရာဥပေဒေအရ တာဝန်မဲ့မှုဖြစ်သည်ဟု သူ့ကို ဝေဖန်သူများက ပြောသည်။ စစ်ပွဲအကြောင်း ရိုက်ကူးထားသည်များကို သူ၏ YouTube နှင့် Instagram တို့တွင် တင်ခြင်းမှာ ပြယုဂ်ကောင်းအောင်လုပ်သည့် သက်သေဟု ဆိုကြသည်။

အုတ်အုတ်ကျက်ကျက် ဖြစ်အောင်လုပ်ခြင်းမဟုတ်ဟု သူက ပြောသည်။ “ဘယ်သူက လူကောင်းတွေ၊ ဘယ်သူက လူဆိုးတွေဆိုတာ ထင်ထင်ရှားရှားဖြစ်ပြီလို့ ထင်ပါတယ်” ဟု သူက ယူကရိန်းနှင့် ရုရှားတို့ကိုရည်ရွယ်၍ ပြောသည်။

အာပင်မြို့က ရှေ့တန်းတစ်နေရာတွင် ပထမဆုံးတာဝန်ထမ်းဆောင်သည့်နေ့သည် ဝရုန်းသုန်းကားဟု သူက ပြောသည်။ ရုရှားက စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ကို ကိုယ်တွေ့ ကြုံရသည်ဟု ချန်ဂျီက ပြောသည်။

“အရပ်သားတစ်ဦးသေနတ်နဲ့ အပစ်ခံရတာကိုတွေ့ရပါတယ်။ သူကကားမောင်းနေတာ။ အဲဒီအရပ်သားကို ပစ်တာပါ။ သူဟာ ကျွန်တော်တို့ရှေ့မှာပဲ သေဆုံးသွားပါတယ်” ဟု ချန်ဂျီက ပြောသည်။

“ဒါဟာ စစ်ရာဇဝတ်မှုနဲ့ ဆင်တူပါတယ်။ ကျွန်တော့်မှာအထောက်အထားရှိပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ဖြစ်နေတယ်ဆိုတာသေချာပါတယ်။ ဒီရှေ့တန်းမှာ ကျွန်တော်တို့ ဘာလုပ်ရမယ်၊ ဒီရှေ့တန်းကို ကျွန်တော်တို့ ဘာကြောင့် ရောက်နေသလဲဆိုတာကို သတိပေးလိုက်တာဖြစ်ပါတယ်” ဟု သူက ပြောသည်။

စစ်သင်တန်းတက်ထားသူဖြစ်သောကြောင့် ချန်ဂျီက ကိုယ်ပိုင်အဖွဲ့ကို ဖွဲ့သည်။ ထို့ကြောင့် တိုက်ပွဲအတွေ့အကြုံရှိ ဆန္ဒအလျောက် စစ်ထဲဝင်လာသူများကို သူက စုဆောင်းသည်။ နိုင်ငံစုံပါဝင်သော အထူးစစ်ဆင်ရေးအုပ်စုကို ဖွဲ့သည်။

“ကျွန်တော်က ကနေဒါရိက္ခာကို စားရတယ်။ ကျွန်တော့်ရဲ့သေနတ်က ချက်နိုင်ငံထုတ်ပါ။ ကျွန်တော့်မှာ အမေရိကန်ကလာတဲ့ ဂျာဗီလင်ဒုံးကျည်လည်းရှိတယ်။ ဂျာမနီက ရော့ကက်ဒုံးလည်းရှိတယ်။ ဒါပေမဲ့ ကိုရီးယားကလာတဲ့ လက်နက်မရှိဘူး” ဟု သူက ပြောသည်။

သူသည် သူပိုင်သော ကိုရီးယားထုတ် ညကြည့်မျက်မှန်များကို ယူလာရန် ကြိုးစားခဲ့သော်လည်း အစိုးရက ပို့ကုန်ခွင့်ပြုချက် ထုတ်မပေးသဖြင့် ယူမလာရဟု ဆိုသည်။ တောင်ကိုရီးယားသည် ယူကရိန်းကို လက်နက်မဟုတ်သော အကူအညီများပေးခဲ့သည်။ သို့သော်တောင်ကိုရီးယားက ယူကရိန်းကို ထို့ထက်ပို၍ အကူအညီပေးနိုင်သည်ဟု ချန်ဂျီက ပြောသည်။

“ကိုရီးယားမှာ နောက်ဆုံးပေါ်နည်းပညာရှိတယ်။ အဲ့ဒီနည်းပညာဟာ လက်နက်တွေ ဖန်တီးရာမှာ အလွန်ကောင်းတဲ့ နည်းပညာဖြစ်ပါတယ်” ဟု ချန်ဂျီက ပြောသည်။

တောင်ကိုရီးယားကို ပြန်လာပြီ

ရေတပ်အထူးစစ်ဆင်ရေးအဖွဲ့၏ ကပ္ပတိန်ဟောင်းဖြစ်သော ချန်ဂျီသည် မေ ၂၆ ရက်တွင် ပိုလန်နိုင်ငံ ၀ါဆောချိုပင်လေဆိပ်မှ ထွက်ခွာလာခဲ့သည်။ မေလ ၂၇ ရက်တွင် ဆိုးလ်က အင်ချွန်နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်။

ဆိုးလ်ကို ပြန်ရောက်လာသော သူ့ကို လေဆိပ်တွင် ရဲ ၁၅ ဦးက စောင့်ကြိုနေသည်။ ချန်ဂျီကို စုံစမ်းစစ်ဆေးမည်ဟု တောင်ကိုရီးယားရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ချန်ဂျီသည် ဒူးအရွတ်ကြောပြတ်ဒဏ်ရာရသဖြင့် ကိုရီးယားကို ပြန်လာခြင်းဖြစ်သည်။ ယခုအခါ အရပ်ထဲကစစ်ဆေးရုံ တစ်ခုတွင် ကုသမှုခံယူနေသည်။ ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်ရာတွင် ချန်ဂျီဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဒူးနှစ်ဘက်စလုံး ဒဏ်ရာရသွားခြင်းဖြစ်သည်။ ဒူးအရွတ်ကြောပြတ် ဒဏ်ရာသည် အချိန်ပေး၍ ကုသရသည့် ဒဏ်ရာမျိုးဖြစ်ရာ ချန်ဂျီသည် သုံးလခန့် အနားယူရမည်ဖြစ်သည်။ ဒူးခွဲစိတ်မှု ခံယူထားရသည်။ ပြန်လည်ထူထောင်ရေးလုပ်ရာတွင်လည်း လချီကြာမည်ဖြစ်သည်။

ဆိုးလ်မြို့မရဲတပ်ဖွဲ့က ချန်ဂျီအပါအဝင် လူငါးဦးကို နိုင်ငံကူးလက်မှတ်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲထားသည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် နိုင်ငံကူးလက်မှတ်ဥပဒေချိုးဖောက်ပါက ထောင်တစ်နှစ် ကျခံရနိုင်သည်။ ထောင်မကျပါကဒဏ်ငွေ ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၈၀၀၀)အထိ ပေးဆောင်ရနိုင်သည်။

ထိုင်ဝမ်တွင် ဆုံကြစို့

တောင်ကိုရီးယားနိုင်ငံသား ၁၃ ဦး ယူကရိန်းကိုရောက်လာသည်ဟု ယခုလအစောပိုင်းတွင် ရုရှားက ပြောကြားခဲ့သည်။ ထို ၁၃ ဦးထဲက လေးဦး သေဆုံးသွားသည်ဟု ဆိုသည်။ ရုရှားအစိုးရ၏ ပြောကြားချက် မှန်ကန်မှု ရှိမရှိဖော်ထုတ်ရန် ကြိုးစားနေသည်ဟု တောင်ကိုရီးယားအစိုးရက ပြောသည်။

သူ့အဖွဲ့ထဲကအခြားသူများ၏ ကံကြမ္မာကို သူ မသိရဟု ဆိုသည်။ မိတ်ဆွေအများ အပြား သေဆုံးသွားသည်ဟု ချန်ဂျီက အေအက်ဖ်ပီကိုပြောသည်။

“ကျွန်တော့်မိတ်ဆွေတွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို မေ့ပစ်လိုက်ကြမှာ ကျွန်တော်မလိုလားပါဘူး” ဟု သူက ပြောသည်။ ထို့ကြောင့် သူ့အဖွဲ့၏ ယူကရိန်းအတွေ့အကြုံများအကြောင်းကို ချန်ဂျီက စာအုပ်ရေးရန် စီစဉ်ထားသည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးတာမျိုး ဖြစ်လာနိုင်သည်ဟု ချန်ဂျီက ပြောသည်။

သို့ပါသော်လည်း ပထမဆုံး သူလုပ်ရမည့်အချက်မှာ သူ၏ယူကရိန်းခရီးစဉ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော ဂယက်ရိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဆိုသော အချက်ဖြစ်သည်။ တောင်ကိုရီးယား၏ ရှေးရိုးဆန်သော အစိုးရအဖွဲ့သစ်က သူ့ကိုထောင်ချလိမ့်မည်မဟုတ်ဟု သူကတိတ်တဆိတ် ယုံကြည်ထားသည်။

ချန်ဂျီကိုအမှုကိစ္စ မပြီးမချင်း တောင်ကိုရီးယားမှ ထွက်ခွာခွင့်မပြုဟု ဆိုသည်။ ချန်ဂျီသည် ရရှိထားသော ဒဏ်ရာများကိုကုသမှု ခံယူနေသည်။ သို့သော် ယုံကြည်ရာတစ်ခုအတွက် သူ၏ အဖွဲ့သားများနှင့်အတူ တစ်ချိန်ချိန်တွင် အတူယှဉ်တွဲတိုက်ပွဲဝင်ရမည်ဟု သူမျှော်လင့်ထားသည်။

ယူကရိန်းရှေ့တန်းက ပြန်လာကြသူများက “ထိုင်ဝမ်မှာ ဆုံကြစို့” ဟု ရယ်မောပြောဆိုခဲ့ကြသည်။ ယူကရိန်းကို ရုရှားကျူးကျော်သည့် ပုံစံအတိုင်း တရုတ်က အိမ်နီးချင်း ထိုင်ဝမ်ကို ကျူးကျော်မည့်အနေအထားရှိနေခြင်းကို ယူကရိန်းရှေ့တန်းရောက် လူများက ပြက်လုံးထုတ်ခဲ့ကြခြင်းအား ချန်ဂျီကရည်ရွယ်ပြောဆိုခဲ့သည်။

Most Read

Most Recent