အောင်သူနှင့် ဘူရီရမ်ယူနိုက်တက်အသင်း စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရသေး

အောင်သူနှင့် ဘူရီရမ်ယူနိုက်တက်အသင်း စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရသေး
Photo: Balltoro
Photo: Balltoro
Published 15 June 2022

 

မြန်မာတိုက်စစ်မှူး အောင်သူသည် ၎င်းကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရသေးကြောင်း သိရသည်။

ဘူရီရမ်အသင်းသည် ၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲမစတင်မီ အောင်သူကို နှစ်နှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ "အောင်သူကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ဇွန် ၁၄ ရက်အထိတော့ သဘောတူညီမှုမရသေး ပါဘူး။ ကျွန်တော်တို့ဘက်က ပြီးခဲ့တဲ့ရာသီထက် ပွဲများများကစားခွင့်ရဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က အာမခံချက် မပေးသေးတဲ့အတွက် သက်တမ်းမတိုးနိုင်သေးပါဘူး။ ကျွန်တော်တို့ဘက်က တခြားတောင်းဆိုတာ မရှိပါဘူး။ ပွဲများများ ကစားခွင့်ရဖို့ပဲ တောင်းဆိုထားတာဖြစ်ပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး စာချုပ်ကိစ္စအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အောင်သူနှင့် နီးစပ်သူတစ်ဦး က Eleven Sports သို့ အတည်ပြုပြောကြားခဲ့သည်။

အောင်သူနှင့် ဘူရီရမ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ် အထိ ဧပြီလအထိ ကျန်ရှိနေသေးပြီး ဘူရီရမ် အသင်းက စာချုပ်သက်တမ်း မကုန်ဆုံးမီ သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အောင်သူကစားနေသည့် ဘူရီရမ်ယူ နိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ထိုင်းလိဂ်-၁ အမှတ်ပေးချန်ပီယံဆုအပါ အဝင် ဖလားသုံးလုံးရရှိခဲ့သည်။ 

ထို့ကြောင့် အောင်သူသည် ပြည်ပကလပ်အသင်းတွင် ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့ပြီး မြန်မာကစားသမားများတွင် ပထမဆုံး ထိုင်းလိဂ်ချန်ပီယံဆုရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent