ဗီယက်နမ်တွင် စူပါတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၅၉ အထိ မြင့်တက်လာ

ဗီယက်နမ်တွင် စူပါတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၅၉ အထိ မြင့်တက်လာ
စက်တင်ဘာ ၈ ရက်က ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့တွင် တိုင်ဖွန်းယာဂီတိုက်ခတ်မှုကြောင့် အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
စက်တင်ဘာ ၈ ရက်က ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့တွင် တိုင်ဖွန်းယာဂီတိုက်ခတ်မှုကြောင့် အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
Published 9 September 2024

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ယာဂီအမည်ရှိ စူပါတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက်တွင် တံတားတစ် စင်းကျိုးကျပြီး မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၅၉  ဦးအထိမြင့်တက်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက်တွင် ဖူသိုပြည်နယ်ရှိ ရက်ပင်လယ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့်  သံမဏိတံတား တစ်စင်းကျိုးကျခဲ့ကြောင်း ဒေသခံအရာရှိများက နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့သည်။

တံတားကျိုးကျမှုကြောင့် ဆိုင်ကယ်များနှင့် ကားများသည် မြစ်ထဲသို့ ထိုးကျခဲ့ပြီး မြစ်အတွင်းမှ လူသုံးဦးကို ကယ်တင်နိုင်ခဲ့ကာ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

တိုင်ဖွန်းယာဂီသည် ဗီယက်နမ်တွင် ဆယ်စုနှစ်များစွာအတွင်း အင်အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး စက်တင်ဘာ ၇ ရက်က ဗီယက်နမ်နိုင်ငံအတွင်းသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၉ ကီလိုမီတာဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုုမုန်တိုင်းသည် ဗီယက်နမ်ကို စတင်ဝင်ရောက်ချိန်က စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင်မူ အားလျော့သွားကာ အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော်  ထိုမုန်တိုင်းကြောင့် မိုးများသည်းထန်စွာ ဆက်လက်ရွာသွန်းခြင်း၊ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဆက်လက်ဖြစ် ပွားနိုင်ကြောင်း မိုးလေဝသအေဂျင်စီက သတိပေးခဲ့သည်။

ဆာပါမြို့တွင် စက်တင်ဘာ ၈ ရက်က မြေပြိုမှုတစ်ခုကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် လူခြောက်ဦးသေဆုံးခဲ့ကာ လူ ကိုးဦးဒဏ်ရာ ရရှိခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် မုန်တိုင်းကြောင့် သေဆုံးသူစုုစုပေါင်းသည် ၅၉ ဦးရှိလာခဲ့ပြီး ဒဏ်ရာရှိသူပေါင်း ၂၉၉ ဦးထက် မနည်းရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဟနွိုင်းမြို့တော်တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းအထိ မိုးများရွာသွန်းနေပြီး သန့်ရှင်းရေးလုပ်သားများက မုန်တိုင်းကြောင့် လဲပြိုခဲ့သည့် သစ်ပင်များ၊ ကြော်ညာဆိုင်းဘုတ်များနှင့် ဓာတ်တိုင်များကို ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြိး မိုးရေချိန် ၁၅ လက်မကျော်ရှိနိုင်ကြောင့် မိုးလေဝသပညာရှင်များက ခန့်မှန်းခဲ့သည်။

ကွမ်နင်းနှင့် ဟိုင်ဖွန်ပြည်နယ်များတွင် လူပေါင်း ၃ သန်းထက်မနည်း လျှပ်စစ်ဓာတ် အားပြတ်တောက်မှုကို ခံစားနေရသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ထိုပြည်နယ်နှစ်ခုသည် လျှပ်စစ်ကားများ ထုတ်လုပ်သည့် Van Fast နှင် Apple ကုမ္ပဏီအတွက် လျှပ်စစ်ပစ္စည်းများထုတ်လုပ် ပေးသည့် Pegtrong နှင့် USI  ကုမ္ပဏီများ အပါအဝင် ပို့ကုန်များ ထုတ်လုပ်နေသည့် စက်ရုံအများအပြားတည်ရှိသည့် ပြည်နယ် များဖြစ်သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် စက်မှုဇုန်အများအပြားတွင် ရေများလွှမ်းမိုးခဲ့ပြီး စက်ရုံအများစု၏ ခေါင်မိုးများ လေနှင့်အတူလွင့် ပါသွားခဲ့ကြောင်း စက်ရုံဝန်ထမ်းများက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဖမ်မင်ချင်းသည် စက်တင်ဘာ ၈ ရက်က ဟိုင်ဖွန်ပြည်နယ် ဟိုင်ဖွန်မြို့သို့သွားရောက်ခဲ့ပြီး မြို့၏ ဆိပ်ကမ်းကို ပြန် လည်ပြုပြင်ရန် ဒေါ်လာ ၄ ဒသမ ၆၂ သန်း ကူညီပေးမည့်အစီအစဉ်ကို အတည်ပြုခဲ့သည်။

ယာဂီမုန်တိုင်းသည် ဗီယက်နမ်ကို မဝင်ရောက်မီ ပြီးခဲ့သည့်သီတင်းပတ်က ဖိလစ်ပိုင်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး တရုတ်ကိုဝင်ရောက် တိုက်ခတ်ချိန်တွင်လည်း လူသုံးဦး သေဆုံးခဲ့သည်။                               Ref:AP

Most Read

Most Recent