ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ယန်နစ်ဆင်နာ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲပြီး ကစားသမားဘဝ ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူး

ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ယန်နစ်ဆင်နာ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲပြီး ကစားသမားဘဝ ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူး
Photo: X
Photo: X
Published 9 September 2024

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ယန်နစ်ဆင်နာ ပထမဆုံးအကြိမ်ဗိုလ်စွဲပြီး ကစားသမားဘဝ ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ကျင်းပခဲ့ပြီး ဆီဒင် ၁ ရရှိထားသူ ဆင်နာ နှင့် အိမ်ရှင်အမေရိကန်ကစားသမား တေလာဖရစ်ဇ် (ဆီဒင် ၁၂) တွေ့ဆုံခဲ့သည်။

ဆင်နာသည် ယခုပြိုင်ပွဲမတိုင်မီ တားမြစ်ဆေး ပြဿနာကြုံတွေ့ခဲ့ရသော်လည်း ပြိုင်ပွဲတစ်လျှောက်လုံး ပုံစံကောင်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် ဖရစ်ဇ်ကို ၆-၃၊ ၆-၄၊ ၇-၅ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သူ ဆင်နာသည် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ပထမဆုံး အီတလီတင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို Open Era ၌ ဂရင်းစလင်းချန်ပီယံဆုကို တစ်ကြိမ်ထက်ပို၍ ရယူနိုင်သည့် ပထမဆုံး အီတလီတင်းနစ်သမားဖြစ်လာသည်။

၎င်းသည် ယခုနှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားရာ ဆွီဒင်ကစားသမားဟောင်း မတ်ဝီလန်ဒါ၊ ဆွစ်ဇာလန်ကစားသမားဟောင်း ရော်ဂျာဖက်ဒါရာ နှင့် ဆားဘီးယားကစားသမား နိုဗက်ဂျိုကိုဗစ်တို့ပြီးလျှင် ပြက္ခဒိန်တစ်နှစ်အတွင်း ကွင်းမာဂရင်းစလင်းပြိုင်ပွဲနှစ်ခု (သြစတြေးလျအိုးပင်း နှင့် ယူအက်စ်အိုးပင်း) တွင် ချန်ပီယံဆုရရှိသည့် စတုတ္ထမြောက် အမျိုးသားတင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

''ဒီဆုဖလားက ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ကာလတွေက ကျွန်တော့်အတွက် မလွယ်ကူလို့ပါ။ ကျွန်တော့်အဒေါ်က ကျန်းမာရေးမကောင်းပါဘူး။ ကျွန်တော့်ဘဝထဲမှာ အချိန်ဘယ်လောက်ကြာကြာ သူဆက်ပြီးရှိနေဦးမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒီလိုအခိုက်အတန့်တွေကို သူနဲ့အတူ မျှဝေခွင့်ရနေသေးတာ ဝမ်းသာစရာပါပဲ။ သူက ကျွန်တော့်ဘဝမှာ အရေးပါတဲ့သူဖြစ်ပြီး အခုအထိလည်း အဲဒီလိုဖြစ်နေတုန်းပါပဲ။ ကျွန်တော့်ဆီမှာ ဆုတစ်ခုတောင်းခွင့်ရှိမယ်ဆိုရင် လူတွေအားလုံးကျန်းမာစေဖို့ ဆုတောင်းဖြစ်မှာပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ အဲဒီလိုမဖြစ်နိုင်ပါဘူး'' ဟု ဆင်နာက ဆုလက်ခံရယူပြီးနောက် ပြောကြားသည်။

ဂရင်းစလင်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သူ ဖရစ်ဇ် (၂၆ နှစ်) မှာမူ ချန်ပီယံဆုမရယူနိုင်ဘဲ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

Most Read

Most Recent