ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၅) သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ဖွင့်လှစ်

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၅) သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ဖွင့်လှစ်
Published 9 September 2024

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) သင်တန်းများကို စက်တင်ဘာ ၉ ရက်တွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ သင်တန်းကျောင်းများတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) တွင် တက်ရောက် တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ စက်တင်ဘာ ၄ ရက်တွင် စတင်ရောက်ရှိခဲ့ပြီး လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကာ စက်တင်ဘာ ၉ ရက်တွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများပြောကြာင်း သိရသည်။

ယင်းသင်တန်းကျောင်းများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အမှတ် (၁) သည် ဇွန် ၂၈ ရက်တွင် သင်တန်းဆင်းပြီးနောက် သင်တန်းသားများသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁) သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) သင်တန်းကို မေ ၁၄ ရက်က လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ကို  ဇွန် ၂၅ ရက်တွင်လည်း ကောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား နစကက အသက်ဝင်စေခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ် တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကက ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ မျက်မြင်အနေအထားအရ သင်တန်းတက်ရောက်ရန် မကိုက်ညီသူများ၊ ဥပဒေအရ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့်ရွှေ့ဆိုင်းခွင့်ရရှိမည့်သူများအား ဆင့်ခေါ်ခြင်း မပြုမိစေရန်လိုအပ်ကြောင်း စက်တင်ဘာ ၃ ရက်က ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် မျက်မြင်အားဖြင့် ပဏာမစိစစ်ရမည့် အချက်များကိုလည်း နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲခြင်းကို အစည်းအဝေးအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ အကြံပြုချက်များပေးပိုခဲ့မှုအပေါ် အပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်၍ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းကိုရေးဆွဲခဲ့ရာ ယခုနောက်ဆုံး သတ္တမမူကြမ်းရရှိပြီးဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

Most Read

Most Recent