ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြို ကားလမ်းအသုံးပြုခ ကောက်ခံရေးတိုးဂိတ် မိုင်းဖောက်ခွဲခံရပြီး ကျပ်သိန်း ၅၀ ယူဆောင်သွား

ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြို ကားလမ်းအသုံးပြုခ ကောက်ခံရေးတိုးဂိတ် မိုင်းဖောက်ခွဲခံရပြီး ကျပ်သိန်း ၅၀ ယူဆောင်သွား
Published 13 June 2022

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြု ခကောက်ခံလျက်ရှိသည့် ထွန်းညိုလူ ကုမ္ပဏီပိုင် Toll Gate အား ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF များက မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများအား ယူဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

 အဆိုပါလမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ ဝန်ထမ်းအမျိုးသားငါးဦး၊ အမျိုးသမီး ငါးဦးဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်နေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် PDF ၂၀ ဦးခန့်က မော်တော်ဆိုင်ကယ် ၁၀ စီး၊ မော်တော်ယာဉ်တစ်စီးတို့ဖြင့် ရောက်ရှိလာပြီး ဝန်ထမ်းများကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအား သိမ်းဆည်း၍ လမ်းဘေး၌ မှောက်ခိုင်းထားကြောင်း၊ ထို့နောက် ဂိတ်အနီးရှိ ဝန်ထမ်းနားနေဆောင်များအား မီးရှို့ဖျက်ဆီး၍မှန်များအား ရိုက်ခွဲဖျက်ဆီးကာ လမ်းအသုံးပြုခကောက်ခံရရှိ ငွေကျပ်သိန်း ၅၀ ကို ယူဆောင်သွားကြောင်းနှင့် ဂိတ်အတွင်းကားလမ်းပေါ်၌လည်း မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့အတူ ဇွန် ၁၁ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကမ်းပြုကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ မုံရွာ-အရာတော်-ရွှေဘိုကားလမ်းအတိုင်း မိုင်တိုင်အမှတ် ၂၂ မိုင် ၁ ဖာလုံနှင့်၂ ဖာလုံကြား၌ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးဇော်မြင့်မောင်းနှင်ပြီး ဦးရန်ကြီး (စိစစ်ဆဲ)နှင့် ခရီးသည် ၂၀ ဦးတို့လိုက်ပါလာသည့် ကံရာမင်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် SGG-3B/4369 ဖြူ/နီကြား မှန်လုံယာဉ်သည် မုံရွာမြို့ဘက်မှ ရွှေဘို မြို့ဘက်သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အဖွဲ့က လမ်း၏ယာဘက်မှ လက်လုပ်မိုင်းငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ယာဉ်၏ကိုယ်ထည်ယာဘက်ခြမ်းရှိ ပြတင်းပေါက်မှန်များ၊ အရှေ့ယာဘက်ခြမ်းလေကာမှန်နှင့်ယာဉ် နောက်ဘီးအထက်ကိုယ်ထည်တို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

 

 

 

Most Read

Most Recent